ညောင်လေးပင်မြို့ တန်ဆောင်တိုင်ဆီမီးပူဇော်ပွဲကို ဘုရားဖူးထောင်ချီ လာရောက်
DVB
·
November 12, 2019
ပဲခူးတိုင်း ညောင်လေးပင်မြို့မှာ ဆီမီးတသောင်းပူဇော်ပွဲနဲ့ စတုဒီသာ၊ နိဗ္ဗာန်စျေးပွဲတော်ကို တန်ဆောင်မုန်းလပြည့်ညက ကျင်းပရာမှာ ထောင်နဲ့ချီတဲ့လူတွေ လာရောက်ဖူးမြော်ကြပါတယ်။
ညောင်လေးပင်မြို့မှာ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေတဲ့ ရိုးရာပွဲတော်တွေကို ပြန်လည်ဖော်ဆောင်ဖို့ မြို့သူမြို့သားတွေ စည်းလုံးညီညွတ်မှုတွေဖြစ်စေဖို့နဲ့ ရိုးရာအမွေတွေကို လူငယ်တွေကိုလက်ဆင့်ကမ်းသယ်ဆောင်သွားစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပရတာလို့ ပွဲတော်ကျင်းပရေးကော်မတီဝင်တဦးက ပြောပါတယ်။
“ကျနော်တို့မြို့ကလူတွေကို ပျော်ရွှင်စေချင်တယ်၊ ရိုးရာပွဲတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစေချင်တယ်။ ကျနော်တို့ ခုလုပ်တာဆိုရင် ဒုတိယအကြိမ်ပေါ့၊ မနှစ်ကထက်ပိုပြီး စည်ကားလာတယ်။ နောင်နှစ်တွေမှာလည်း ဒီထက်မက စည်ကားလာအောင် ကြိုးစားသွားမှာပါ။ မြို့လူထုရဲ့အားတွေလည်း ဒီထက်မက ပါဝင်လာစေချင်တယ်။”
ဆီမီးတသောင်းပူဇော်ပွဲကို အသောကလာဘမုနိ ကိုးနဝင်းဘုရားမှာ ပရဟိတလူငယ်တွေ မြို့ခံလူထုတွေစုပေါင်းထည့်ဝင်ငွေနဲ့ ကျင်းပတာဖြစ်ပါတယ်။
စတုဒီသာနဲ့နိဗ္ဗာန်စျေးကိုတော့ အလှူရှင်တွေက ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ပြီး လူ့အသုံးဆောင်ပစ္စည်းတွေကို ဘုရားဖူးလာရောက်သူတွေကို လှူဒါန်ပေးတာဖြစ်ပါတယ်။
မဟာတိလောကသယမ္ဘူဘုရားကြီးကို မြန်မာသက္ကရာဇ် ၁၂၄၈ ခုနှစ်က စတင်တည်ထားခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၁၃၀ ကျော်ကြာမြင့်ပြီဖြစ်တဲ့ မြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ဘုရားကြီးလည်း ဖြစ်ပါတယ်။
သတင်း-ဓါတ်ပုံ- နေလင်းထိုက်