Homeမြန်မာသတင်း
တန်ဆောင်မုန်းလပြည့်ညက ကျုံဒိုးမြို့တွင် ဗုံးခွဲတိုက်ခိုက်ခံရ ရဲ ၂ ဦး၊ အရပ်သား ၂ ဦး သေဆုံး
တန်ဆောင်မုန်းလပြည့်ညက ကျုံဒိုးမြို့တွင် ဗုံးခွဲတိုက်ခိုက်ခံရ ရဲ ၂ ဦး၊ အရပ်သား ၂ ဦး သေဆုံး
DVB
·
November 12, 2019
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ နိုဝင်ဘာ ၁၁ ရက် တန်ဆောင်မုန်းလပြည့်ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သား ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားကာ ၈ ဦးလောက် ဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် ၅ ဦးအနက် ရဲတပ်ကြပ်ကြီး ၁ ဦးကတော့ ဘားအံဆေးရုံ အရောက်မှာ ထပ်မံ သေဆုံးသွားပါတယ်။
တန်ဆောင်တိုင်ပွဲတော် ကျင်းပနေတဲ့ ကျုံဒိုးမြို့ ဈေးပိုင်းထိပ်နေရာမှာ ကျုံဒိုးရဲစန်းက လုံခြုံရေးယာဉ်နဲ့ ကင်းလှည့်နေစဉ် ဆိုင်ကယ်စီးနင်းလာသူ တဦးက ကားနောက်ခန်းထဲကို လက်ပစ်ဗုံးလို့ ယူဆရတဲ့ပေါက်ကွဲ ပစ္စည်းပစ်သွင်းခဲ့တာပါ။
အဲဒီလို ပစ်သွင်းခဲ့တဲ့အတွက် ရဲကားအတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲ ၂ ယောက်နဲ့ အနီးရှိ အရပ်သား ၁ ယောက် အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် လက်ကျိုးသွားပြီး ပြင်းထန်ဒဏ်ရာရရှိသူ ကျုံဒိုးရဲစခန်းမှူး အပါအဝင် အခြားသူတွေကို ဘားအံဆေးရုံသို့ လွှဲပြောင်း ကုသနေတယ်လို့ သိရပါတယ်။
အဆိုပါပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးကြီး အောင်မြတ်မိုးနဲ့ နယ်မြေခံ အပစ်ရပ်အဖွဲ့တွေ ပူးပေါင်း လိုက်လံရှာဖွေစစ်ဆေးနေပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေ ပါတယ်။
စောတာတူး