ဝမ်ပုံစစ်ဆေးရေးဂိတ်အနီး ဟိုင်းလပ်ယာဉ်အား တားဆီးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်
DVB
·
November 10, 2019
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု ဝမ်ပုံစစ်ဆေးရေးဂိတ်အနီး နိုဝင်ဘာ ၉ ရက်နေ့က ဟိုင်းလပ်ယာဉ်တစီးအား လုံခြုံရေးအဖွဲ့က စစ်ဆေးဖို့ တားဆီးရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဝမ်ပုံနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဝမ်ပုံပူးပေါင်းစစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၉ ရက် ည ၇ နာရီခွဲလောက်မှာ လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသတင်းအရ ဟွေလုရွာဘက်ကလာတဲ့ အနက်ရောင် ဟိုင်းလပ်ယာဉ်အား ရပ်တန့်ခိုင်းစဉ် ယာဉ်ပေါ်ပါသူတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ယာဉ်မောင်း ဦးခေါင်းလက်နက်ငယ်ကျည်ထိမှန်ကာ အခင်းဖြစ်နေရာမှာ သေဆုံးသွားတာလို့ သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ တာချီလိတ် စစ်ဗျူဟာအခြေချမှ ဗိုလ်ကြီးအောင်ကျော်စိုး ဦးစီးအဖွဲ့က လိုက်လံရှာဖွေနေပြီး သေဆုံးယာဉ်မောင်း (အမည်စုံစမ်းဆဲ) ရဲ့ ဘေးကနေ ပြောင်းတိုသေနတ်တလက် သိမ်းဆည်းရမိခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ ဝမ်ပုံနယ်မြေရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၁၂(က)/(ဂ)အရ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
အောင်ဇေယျ