အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ် အားလျော့သွားပြီဟု မိုးဇလ ထုတ်ပြန်
DVB
·
November 10, 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေတဲ့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်ဟာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့သွားပြီး မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေတဲ့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်ဟာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့ပြီး အရှေ့-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပါတယ်။
ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ကယားပြည်နယ် တို့မှာ နေရာကျဲကျဲ၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ရှမ်း (မြောက်ပိုင်း၊ တောင်ပိုင်း) နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီ ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့် ၁၀ ပေမှ ၁၃ ပေခန့်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွင်းမှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးဆက်လက်ထစ်ချုန်းရွာနိုင်ပါတယ်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြိုတို့နဲ့ အနီးတဝိုက်တွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။