Home
ဆောင်းပါး
ရှေးရှေးတုန်းက ဘွဲ့နှင်းသဘင်
DVB
·
November 8, 2019
ပြည်လမ်းအတိုင်းမောင်းနှင်လာတဲ့  ကားနက်တစီးက လှည်းတန်းအဝိုင်းမှာ ညာဘက်ကွေ့ပြီး တက္ကသိုလ်ရိပ်သာလမ်းအတိုင်း မောင်းလာတယ်။ အဓိပတိလမ်းထိပ်က ဆာဟာကုတ်ဘတ်တလာရဲ့ ရုပ်တုရှေ့ အရောက်မှာ ရပ်လိုက်တယ်။ အရန်သင့်စောင့်နေတဲ့ မြင်းလေးကောင်နဲ့ ရထားတစီးကလည်း ကကြိုးအဆင်တန်ဆာတွေနဲ့။ ရထားထိန်းကလည်း အနီရောင်ဝတ်စုံနဲ့ ရွှေရောင်ဦးပေါင်းကို ပေါင်းလို့။ ရထားရှေ့မှာက ပြောင်ပြောင်လက်လက် ဝတ်စုံနဲ့ အိန္ဒိယနွှယ်ဖွား တပ်သားများ။ မြင်းစီးကိုယ်ရံတော် ပန်ချာပီတပ်ကလည်း လှံတန်တွေဆွဲကိုင်လို့၊ မြင်းရထားရှေ့ကချီတက်ဖို့ အသင့်အနေအထား။ တက္ကသိုလ်အဓိပတိ (ဘုရင်ခံ) ကားပေါ်ကဆင်း မြင်းရထားပေါ်တက်တာနဲ့ မြင်းစီးကိုယ်ရံတော်တို့ ခြေလှမ်းစပြီ။ ပြီးတော့ တရွေ့ရွေ့ တငြိမ့်ငြိမ့်ခြင်း ဦးတည်ရာ ဘွဲ့နှင်းသဘင်ဆီ တဖြောင့်တည်းနှင်ပြီ။ အတားအဆီးမရှိ။ အကွေ့အဝိုက်မရှိ။ မြားတစင်းရဲ့လမ်းကြောင်းအတိုင်း ဖြောင့်ဖြောင့်ကြီး သွားနေတယ်။ ပညာရဲ့အတွင်းသဘောကို၊ ကိုယ်စားပြုနေသလိုလို။ ဘွဲ့နှင်းသဘင်ဆီ အရောက် မျက်မှောက်ပြုနေလေရဲ့။ ဘွဲ့နှင်းသဘင်ရှေ့မှာတော့ တက္ကသိုလ်အရန်တပ်ရင်း (ယူတီစီ) တပ်က အလေးပြုဖို့ အဆင်သင့်။ အဓိပတိမြင်းရထားပေါ်ကအဆင်း ယူတီစီတို့ အလေးပြုလိုက်တာနဲ့ ဘုရင့်သေနတ်ကိုင်  ဂေါ်ရခါးတပ်ဘင်ခရာတီးဝိုင်းက “ဂျော့ ဘုရင်အား.. ဘုရားသခင်စောင်မပါစေ” သီချင်းတီးကြ။ မှုတ်ကြပေါ့။ ဒီတော့မှ တက္ကသိုလ်ကျောင်းအုပ်ကြီးစလော့နဲ့ ဆီးနိတ်တာအဖွဲ့ဝင် ဆရာကာတို့က ဆီးကြိုပြီး ဘွဲ့နှင်းသဘင်စင်မြင့်ရှိ အဓိပတိထိုင်ခုံဆီပို့ရင်း သူ့ဘေးတဖက်တချက်မှာ ပါမောက္ခဆရာ/ဆရာမတွေ ထိုင်ကြရတယ်။ ၁၉၃၄-၃၅ ပညာသင်နှစ်ရဲ့ ဆီးနိတ်အဖွဲ့ဝင်က ဆရာကာပါ။ အဲ့ဒီနှစ်က ဆရာမင်းသုဝဏ်နဲ့ ဦးတိုးအောင်တို့ မဟာဝိဇ္ဇာဘွဲ့ယူခဲ့ကြတယ်။ အခုပြောခဲ့တာက ကိုလိုနီခေတ်က ဘွဲ့နှင်းသဘင်ဆင်ယင်ကျင်းပပုံပါ။ ကိုလိုနီခေတ်က ဘွဲ့နှင်းသဘင်ဆိုပေမယ့် လက်ရှိရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီးက ၁၉၂၇ ခုနှစ်ရောက်မှ စာကြည့်တိုက်ကြီးနဲ့အတူ အဲ့ဒီအချိန်က ဘုရင်ခံဖြစ်ခဲ့တဲ့ ဆာဟာကုတ်ဘတ်တလာက အုတ်မြစ်ချပေးခဲ့တာ။  “အရှေ့တောင်အာရှမှာ အကောင်းဆုံးနဲ့ အခန့်ညားဆုံး တက္ကသိုလ်ဖြစ်ရမယ်” လို့ အားထည့်လုပ်ဆောင်ခဲ့တဲ့ ဆာဟာကုတ်ဘတ်တလာကတော့ ဒီဘွဲ့နှင်းသဘင်ခန်းမကြီးထဲမှာ ဘွဲ့ချီးမြှင့်မပေးနိုင်ခဲ့ပါဘူး။ ဘုရင်ခံကန နောက်တယောက်ပြောင်းသွားခဲ့ပါပြီ။ သူအုတ်မြစ်ချပြီးနောက်ပိုင်း ၁၉၂၉ ခုနှစ်ရောက်မှ လက်ရှိကမာရွတ်က မရမ်းခြံကြီးမှာ အဆောက်အအုံစဆောက်ခဲ့တာ။ ၁၉၂၇ ခုနှစ်အထိက တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းဆိုတာ မဖောက်ရသေးဘူးလို့ ဆိုပါတယ်။ အင်းလျားလမ်းဆိုတာ အဲ့ဒီအချိန်က အင်းလျားရေလျှံရာက ဖြစ်ပေါ်လာတဲ့ သဲချောင်းတခုသာလို့ဆိုတယ်။ ၁၉၂၈ ခုနှစ်ရောက်မှ ဒီလမ်းနှစ်လမ်းကို ဖောက်ခဲ့တာ။ တက္ကသိုလ်ရှိ အဆောက်အအုံအားလုံးကိုတော့ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဆောက်အအုံ ဆောက်လုပ်ရေးကော်မတီအဖွဲ့က ကြီးကြပ်ဆောက်လုပ်ခဲ့တာပါ။ အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌက ဆာအော်စကာဒီဗလင်းဗီးလ်ဖြစ်တယ်။ အင်ဂျင်နီယာချုပ်က အိုင်းရစ်လူမျိုး မစ္စတာရှီးလီးပါ။ အဆောက်အအုံ ပြီးစီးလုနီးဖြစ်နေပါပြီ။ အဲ့ဒီအချိန်မှာ မြန်မာ၊ အင်္ဂလိပ် သတင်းစာနှစ်စောင်မှာ အဆောက်အအုံဟာ မြန်မာမဆန်ဘဲ အနောက်နိုင်ငံက ကာသေ ဇာတ်ရုံကြီးနဲ့ တူနေတယ်ဆိုတဲ့ ဝေဖန်ချက်ကိုဖတ်ပြီး ဝေဖန်စာရေးသူ ကိုထွန်းစိန်ကို ဆောက်လုပ်ရေး ဥက္ကဋ္ဌ  ဆာအော်စကာဒီဗလင်းဗီးလ်က ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအကျိုးဆက်ကြောင့် ဘွဲ့နှင်းသဘင်ရှေ့မှာ ခြင်္သေ့လေးကောင်ကို မြန်မာဆန်အောင်ထည့်လိုက်တာလို့ အဆိုရှိပါတယ်။ ဘွဲ့နှင်းသဘင်ထိပ်က နဂါးနှစ်ကောင်ကတော့ တရုတ်တို့ရဲ့သင်္ကေတ။ ဒါကလည်း အဲ့ဒီဘွဲ့နှင်းသဘင် ခန်းမကြီးကို တရုတ်ကုန်သည်ကြီးအသင်းက လှူဒါန်းခဲ့တယ်လို့ အဆိုရှိတယ်။ အချို့ကတော့ တရုတ်သူဌေးကြီး ချမ်းမာဖီးက ကမကထပြုခဲ့တယ်လို့ ဆိုတယ်။ ဒါအပြင် အဆောက်အုံအဆောက်တဲ့ လက်သမားနဲ့ ပန်းရန်တို့ဟာ  တရုတ်ပညာရှင်တွေလည်း ဖြစ်နေတယ်။ တရုတ်ကုန်သည်ကြီးများအသင်းရဲ့ မူပိုင်ခွင့်အရ ဒီနေ့အထိ ရှိနေခဲ့တာပါ။ ၁၉၃၁ အထိ အသစ်ဆောက်ထားတဲ့ ဘွဲ့နှင်းသဘင်မှာ ဘွဲ့မပေးအပ်နိုင်သေးပါဘူး။ ၁၉၂၀ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ကို ဂျူဗလီဟောမှာပဲကျင်းပခဲ့ရတာပါ။ ပထမဦးဆုံး ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသင်က ၁၉၂၁ ခုနှစ်နိုဝင်ဘာ ၂၈ ရက်၊ ဂျူဗလီဟောမှာကျင်းပခဲ့တာ။ စစဦးချင်း ဘီအေဘွဲ့ ၃၄ ယောက်၊ ဘီအက်စ်စီ ၈ ယောက်နဲ့ ဘီအယ်လ်ဘွဲ့ရ ၁၃ ယောက်တို့ကို   ဘွဲ့အပ်နှင်းနိုင်ခဲ့ပါတယ်။ လယ်တီဆရာတော်ကိုလည်း ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်းဆက်ကပ်ခဲ့သလို အရှေ့တိုင်းပါမောက္ခနဲ့ ကျောက်စာဝန် ချားလ်ဒူရွာ ဆယ်ကိုလည်း ပါဠိ၊ မွန်၊မြန်မာကျောက်စာကျွမ်းကျင် အမ်အေဘွဲ့ကို အပ်နှင်းခဲ့ပါတယ်။ အဲ့ဒီကာလရဲ့ ကျောင်းအုပ်ကြီးက မက်သရူးဟန်းတားပါ။ အဓိပတိကတော့ ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်ပေါ့။ ကရက်ဒေါက် ဂက်အောက်ဖြစ်သွားပြီးမှ ဆာဟာကုတ်ဘတ်တလာ ရောက်လာခဲ့တာ။ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး အဓိပတိက ကရက်ဒေါက်ပါ။ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး ဘွဲ့နှင်းသဘင်ဖြစ်တာမို့ ဂျူဗလီဟော ခန်းမ ဆောင်ထဲမှာ ဌာနဆိုင်ရာအကြီးအကဲတွေ၊ ချိကုတ်တရားလွှတ်တော်တရားရေးဝန်ကြီးတွေ၊ ရန်ကုန်မြူနီစီပယ်လူကြီးတွေ၊ မြန်မာနိုင်ငံသုတေသနအသင်း၊ ကုန်သည်ကြီးများအသင်းနဲ့ ဘွဲ့ရမှတ်ပုံတင်ပြီးသူတွေတက်ကြရတယ်။ ဘုရင်ခံကတော်အမှူးပြုတဲ့ ကတော်အစုံစုံကလည်း အပေါ်ထပ်မှာ။ ကောလိပ်ကျောင်းသားတို့ရဲ့ ဧည့်သည်တော်တွေလည်း အပေါ်ထပ်မှာထိုင်ကြရတယ်။ အဓိပတိကရက်ဒေါက်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဆိုင်ရာဆိုင်ရာ ဥရောပ၊ အမေရိကန်၊ အာရှ စတဲ့ဘွဲ့ဝတ်စုံတွေ ဝတ်ဆင်ပြီး ရှေ့တခါးပေါက်ကနေ တန်းစီဝင်လာတယ်။ အဲ့ဒီအချိန် ရွိုင်ရယ်စကော့ စစ်တီးဝိုင်းက တီးခတ်ပေးနေတယ်။ အဓိပတိက မိန့်ခွန်းခြွေပြီးတာနဲ့ သက်ဆိုင်ရာပါမောက္ခ၊ သက်ဆိုင်ရာအကြီးအကဲများက အဓိပတိရှေ့ကို ဘွဲ့ယူဖို့ ပိုဆောင်ပေးကြရပါတယ်။ ဒါတွေက ကိုလိုနီခေတ်ရဲ့ ဘွဲ့နှင်းသဘင်ကျင်းပပုံတွေပါ။ လွတ်လပ်ရေးခေတ်မှာတော့ ဝန်ကြီးချုပ်ဦးနုက အဓိပတိပေါ့။ ဒါပေမယ့် ကိုလိုနီခေတ် အဆောင်အယောင်မျိုးတော့ မဟုတ်တော့ဘူး။ အဓိပတ်လမ်းထိပ်ကနေ ကာစီးဝင်လာပြီး စာကြည့်တိုက်ရှေ့ရောက်တော့ အဓိပတိဟာ ဆင်းပြီး ဘွဲ့နှင်းသဘင်ရှေ့ထိ လမ်းလျှောက်လာတယ်။ အဓိပတိလမ်းဘေးဝဲယာမှာတော့ ကြိုဆိုသူတွေရှိသလို ကျောင်းသားထုလိုအပ်ချက်ကို ဆိုင်းဘုတ်လေးတွေကိုင်ဆောင်ပြီး တိတ်ဆိတ်စွာပဲ တောင်းဆိုကြတယ်။ အဓိပတိဟာ အဲ့ဒီစာတန်းတွေဖတ်ပြီး ဘွဲ့နှင်းသဘင်ခန်းမဆီလျောက်သွားတယ်။ ဘွဲ့နှင်းသဘင်ရှေ့မှာတော့ ဆီးနိတ်အဖွဲ့တွေ၊ ပြင်ပက အရာရှိတွေနဲ့ ပါမောက္ခချုပ်နဲ့ပါမောက္ခတွေကြိုဆိုကြမယ်။ ခန်းမထဲမှာတော့ မြန်မာ့ဆိုင်းဝိုင်ကြီးက ဘွဲ့ယူတီးလုံးကိုတီးပြီး ဧည့်ခံတယ်။ “ဘွဲ့နှင်းသဘင်တီးလုံး(ခေါ်)ဝတ်ရုံတော်ဘွဲ့ကြိုး” ကို တီးတာပါ။ စတင်သူကတော့ မကွေးက ရွှေမန်းတင် မင်္ဂလာဆိုင်းလို့ ဆိုပါတယ်။ အဲ့ဒီဝတ်ရုံတော်ဘွဲ့ကြိုး ရွှေမန်းတင်ရဲ့ ဆိုင်းလက်သံကို ကျနော်တခါတင်ဖူးတယ်။  အဲ့ဒီဝတ်ရုံတော်ဘွဲ့ကြိုးတီးလုံးပြီး အဓိပတိလည်း သူ့ခုံထိုင်လိုက်တယ်။ ဘွဲ့ယူမိန့်ခွန်းကို အဓိပတိပြောပြီးတာနဲ့ သက်ဆိုင်ရာပါမောက္ခတွေ မော်ကွန်းထိန်းက ဖတ်ကြားသူကို အဓိပတိရှေ့ခေါ်ဆောင်ပြီး အဓိပတိက ဘွဲ့လက်မှတ်အပ်နှင်းပေးလိုက်တာပါပဲ။ ၁၉၆၂ ခု စစ်အာဏာရှင်စနစ်ကစပြီး အဓိပတိမရှိတော့ဘဲ ပါမောက္ခချုပ်ကပဲ ဘွဲ့ပေးခဲ့တော့တာပါ။ အဓိပတိ မဟုတ်တော့တဲ့အတွက် အဓိပတိလမ်းကနေမလျှောက်တော့ဘဲ ဘွဲ့နှင်းသဘင်ရှေ့မှာ ပါမောက္ခများနဲ့အတူ မော် ကွန်းထိန်းပါ တပါတည်း ဘွဲ့နှင်းသဘဘင်ခန်းမထဲ ဝင်လာတယ်။ ဆိုင်းဝိုင်ကြီးကလည်း ဝတ်ရုံတော်ဘွဲ့ကြိုးကိုတီးပြီး ကြိုဆိုခဲ့တယ်။ ကျန်တာကတော့ အရင်က လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ။ အခုဖော်ပြခဲ့တာက ခေတ်အလိုက် ဘွဲ့နှင်းသဘင်ဆင်ယင်ကျင်းပပုံတွေပါ။ ဒီနေ့ခေတ်မှာတော့ ကိုလိုနီကာလကလို ကိန်းခန်းမကြီးတော့ပါဘူး။ ဘွဲ့နှင်းသဘင်ကျင်းပရာမှာလည်း တနှစ်မှတကြိမ်ကျင်းပရတဲ့ အနေအထားမဟုတ်တော့ဘူး။ ရန်ကုန်ပင်မ တက္ကသိုလ်သာမက အဝေးသင်အပါအဝင် ကျန်တက္ကသိုလ်တွေလည်း ဒီဘွဲ့နှင်းသ ဘင်မှာပဲ ကျင်းပကြတဲ့အတွက် သုံးလတကြိမ်နီးပါး ကျင်းပနေရတာကို တွေ့ရပါတယ်။ ဘွဲ့ယူသူဦးရေဟာလည်း တနှစ်ထက်တနှစ်ပိုများလာတယ်။ တချိန်က အာရှမှာ အကောင်းဆုံး တက္ကသိုလ်ဖြစ်ခဲ့သလို တကယ့်ပညာတတ်မြောက်များစွာမွေးဖွားပေးခဲ့တဲ့ မြန်မာတို့ရဲ့ ဘွဲ့နှင်းသဘင်ဟာ ဒီနေ့အချိန်မှာ ပညာရဲ့အနှစ်သာရကို တကယ်ပဲ ဖော်ဆောင်နိုင်ပါပြီလား၊ ပညာရပ်နဲ့ ထိုက်တန်တဲ့ ဘွဲ့တခုဖြစ်ပါရဲ့လား ဆိုတာကတော့ စဉ်းစားဖွယ်ရာတခုပင်ဖြစ်နေပါတော့တယ်။  ထွန်းဇော်ဌေး 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024