အားကောင်း ဆိုင်ကလုန်းမုန်တိုင်း စစ်တွေနှင့်မောင်တော ပင်လယ်ပြင်ကို ဗဟိုပြုနေ
DVB
·
November 8, 2019
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်ဟာ ရခိုင်ပြည်နယ် စစ်တွေနဲ့မောင်တောမြို့တို့ရဲ အနောက်တောင်ဘက် ရေမိုင် ၃၆၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၆:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်ဟာ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၆၀ မိုင်လောက်နဲ့ မောင်တောမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၆၅ မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးပြီး ရေပြင်/မြေပြင် လေ တနာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။
ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းကြီးမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေကနေ ၁၄ ပေလောက်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေမှ ၉ ပေလောက် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရလည်း မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးဆက်လက်ပိုနေမယ်လို့ ဆိုပါတယ်။