Home
မြန်မာသတင်း
ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့် 
DVB
·
November 7, 2019
ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး၊ ဒေသခန့်ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ) ကိုစိုးနဲ့ ဦးစောပြည့်ငြိမ်း(ခ)စောဂျက်ကို  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကော်မရှင်က ထုတ်ပြန်ပါတယ်။  ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိဟာ အလုပ်ခေါ်စာ (Demand Letter) တွေကို ခွင့်ပြုမိန့် အမြန်လက်မှတ်ရေးထိုးတာနဲ့ ပတ်သက်လို့  ကုမ္ပဏီ ၁၂ ခုထံက လာဘ်ငွေ ထိုင်းဘတ်ငွေ ၅၇၄၃၀၀ ကို တောင်းခံရယူခဲ့သလို ပြည်ပအလုပ်အကိုင် အေဂျင်စီတွေထံက အလုပ်သမားအမည်စာရင်းတင်ပြရာမှာ အလုပ်သမားတစ်ဦးကို  ထိုင်းဘတ်ငွေ ၁၀၀ နှုန်းနဲ့ ကုမ္ပဏီ ၁၆ ခုထံက ထိုင်းဘတ်ငွေ ၃၈၇၃၀၀၀ ကို လက်ခံရယူခဲ့တယ်လို့ တိုင်ကြားခံရတာ ဖြစ်ပါတယ်။ တိုင်ကြားစာပါကိစ္စကို ကော်မရှင်က အဖွဲ့ဖွဲ့ပြီး  စုံစမ်းစစ်ဆေးရာမှာ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးဟာ ဘန်ကောက်မြို့ရှိ အလုပ်သမားသံရုံးမှာ တာဝန်ထမ်းဆောင်နေစဉ်ကာလ အတွင်း အလုပ်ခေါ်စာ Demand Letter တွေကို ခွင့်ပြုမိန့် အမြန် လက်မှတ်ရေးထိုးပေးဖို့ လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေတွေ တောင်းခံရယူခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဦးသန်းထိုက်စိုး (ခ) ကိုစိုးနဲ့ ဦးစောပြည့်ငြိမ်း (ခ) စောဂျက် တို့ဟာလည်း  ဦးစန်းမောင်ဦး အဂတိလိုက်စားမှုကျူးလွန်ရာမှာ အားပေးကူညီခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်တယ် လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဦးစန်းမောင်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဦးသန်းထိုက်စိုး (ခ) ကိုစိုးနဲ့ ဦးစောပြည့်ငြိမ်း (ခ) စောဂျက်ကို  အဆိုပါ ဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းမှာ နိုဝင်ဘာ ၆ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ် တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  ကော်မရှင်ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး ဘက်ကတော့  ပြန်လည်တုံ့ပြန်ခြင်းမရှိသေးပါဘူး။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024