နယ်ခြားစောင့်တပ်က ခေါ်ယူစစ်ဆေးနေသည့် ကျောင်းဆရာ ၁ ဦးကို အရေးပေါ်ဆေးရုံတင်
DVB
·
November 7, 2019
ရွှေနဒီအမြန်ရေယာဉ်ပေါ်က ပြန်လွတ်လာပြီးနောက် ဘူးသီးတောင် အမှတ် ၃ နယ်ခြားစောင့်ရဲတပ်က ခေါ်ယူစစ်မေးခံနေတဲ့ အရပ်သား ၂၁ ဦးထဲက ကျောင်းဆရာ တဦးဟာ မနေ့မွန်းလွဲပိုင်းက အရေးပေါ်ဆေးရုံတင်လိုက်ရတယ်လို့ ဘူးသီးတောင်မြို့နယ်အမျိုးသား လွှတ်တော် အမတ်က ပြောပါတယ်။
ဘူးသီးတောင်ဆေးရုံကို တင်လိုက်ရတဲ့ ကျောင်းဆရာဟာ ဘူးသီးတောင်မြို့နယ် ကံပြင် အ.မ.က (၃) မူလွန်ကျောင်းက ဆရာဦးထွန်းရွှေဖြစ်ပြီး စိတ်ရောဂါသည်တယောက်ဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။
"သူက အစကတည်းက စိတ်ရောဂါသည်ဖြစ်တယ်။ ဆေးအမြဲသောက်ရတယ်လို့ သိရတယ်။ ခုနည်းနည်းဆိုးလာတော့ ဆေးရုံမတင်လို့ မရတော့လို့ တင်လိုက်ရတာလို့ သိရတယ်”
ကျောင်းဆရာရဲ့ မိသားစုဝင်တဦးက "အရင်ကတည်းက ဆေးအမြဲသောက်နေရတာပါ။ ဖမ်းခေါ်သွားတဲ့အချိန်မှာ ဆေးမသောက်ရတာက ၁၀ ရက်ကျော်ကြာနေပြီဆိုတော့ စိတ်ရောဂါ ပြန်ထလာတာပါ”လို့ ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်က ရွှေနဒီအမြန်ရေယာဉ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေထဲက အရပ်သား ၂၅ ဦးကို နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) က ပြန်လွှတ်ပေးခဲ့တာပါ။
ပြန်လွတ်လာသူ ၂၅ ဦးထဲက ၂၁ ဦးကို နိုဝင်ဘာလ ၅ ရက်နေ့လယ် ၃ နာရီလောက်က စတင်ပြီး ဘူးသီးတောင်မြို့နဲ့ ၃ မိုင်ခွဲဝေးတဲ့ အမှတ်(၃)နယ်ခြားစောင့်တပ်ဖွဲ့မှာ စစ်ဆေးနေတာ ဖြစ်ပြီး နိုဝင်ဘာ ၆ ရက် ညနေပိုင်းအထိ ပြန်လွှတ်မပေးသေးပါဘူး။