Home
မြန်မာသတင်း
တပ်မတော်က တရားစွဲထားသည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ကို အာမခံပေး
Aung Aung Naing
·
November 7, 2019
20191107112123_IMG_3320
20191107111845_IMG_3297
20191107112907_IMG_3350
20191107112841_IMG_3328
တပ်မတော်က အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ တရားစွဲထားတဲ့  မြ၀တီမင်းကြီးဆရာတော်ကို ဒီနေ့မနက် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ပထမအကြိမ်ရုံးထုတ် စစ်ဆေးပြီး ခံဝန်နဲ့ အာမခံပေးလိုက်ပါတယ်။  အမှတ် ၂ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းက ဒု-ဗိုလ်မှူးကြီးသော်တာထွေးက မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသာသဘိဝံသကို ခေတ်သစ်မီဒီယာနဲ့ အင်တာဗျူးမှာ တပ်မတော်ကို အကြည်အညိုပျက် ဂုဏ်သိက္ခာကျဆင်းစေတယ်ဆိုပြီး ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့တာပါ။ ပြည်ကြီးတံခွန်မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဦး က “ဒီကနေ့မှာ ဆရာတော်ရုံး ရောက်ခဲ့တာကြောင့် ဆရာတော်ကို ကိုယ်တိုင်ခံဝန်နဲ့ အာမခံပေးခဲ့ပါတယ်။ ပုဒ်မကတော့ ရာဇသတ်ကြီး အမှတ် ၉၁၄ /၂၀၁၉ ဖြစ်ပြီး ပုဒ်မအနေနဲ့ ၅၀၀ နဲ့ တပ်မတော်ဘက်က တရားစွဲဆိုထားတာဖြစ်တယ်”လို့ ပြောပါတယ်။ တရားစွဲခံရတဲ့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်အရှင်အရိယဝံသာဘိဝံသကတော့  ဒီအမှုနဲ့ပတ်သက်ပြီး ဥပဒေအတိုင်းရင်ဆိုင်မှာဖြစ်ပြီး နိုင်ငံသားအခွင့်အရေးအရ ခုခံသွားမယ်လို့ မိန့်ပါတယ်။  “ဘုန်းကြီးကတော့ နိုင်ငံသားအဖြစ် ခံယူထားတယ်။ ဘာပဲဝတ်ဝတ်နိုင်ငံသားပဲလေ နိုင်ငံသားတိုင်းဟာ နိုင်ငံရဲ့ ဥပဒေကိုလိုက်နာရမှာဖြစ်တယ်။ ဘယ်နိုင်ငံသားမဆို တရားရေးအရ သူတို့တရားစွဲခွင့်ရှိတယ် စွဲနိုင်တယ်။ ဘုန်းကြီးတို့ကလည်း နိုင်ငံသားအခွင့်အရေးအရ ခုခံသွားမှာ ဖြစ်တယ်” ဆရာတော်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုဗိုလ်မှူးကြီး သော်တာထွေးက တရားလိုပြုလုပ်ပြီး စက်တင်ဘာလ ၃ ရက်နေ့က စတင်တရားစွဲခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဒီအမှု စတင်စစ်ဆေးခံခဲ့ရပြီး ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ တရားရုံးထုတ် အာမခံပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ အမှတ် ၂ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်း ဒုတိယဗိုလ်မှူးကြီး သော်တာထွေးကို အမှုနဲ့ပတ်သက်ပြီး လိုက်လံမေးမြန်းရာမှာ ဖြေကြားခြင်း မရှိခဲ့ပါဘူး။ ဇွန်လ ၂၀ ရက် ခေတ်သစ်မီဒီယာနဲ့ အင်တာဗျူးမှာတော့ ဆရာတော်က “စစ်တပ်ဟာ လက်နက်တခုထဲနဲ့ တိုင်းပြည်ကိုအနိုင်ကျင့်ပြီး လုပ်ချင်ရာလုပ်လာတဲ့စစ်တပ် အခုရော နောင်လည်းပဲ လွှတ်တော်ထဲမှာ ပြည်သူ့ဆန္ဒကို အတင်းနေချပြီး လွှတ်တော်ထဲမှာ ဝင်ထိုင်နေတဲ့ စစ်တပ်။ ပြောရင်တော့ သူခိုးဓားပြပါဘဲဗျာ။  သူခိုးဓားပြနဲ့ အမြီးစားနဲ့ ခေါင်းစားမဲ့အုပ်စုလို့ပဲ ဘုန်းကြီး ရှင်းရှင်းလင်းလင်းပြောချင်တယ်”လို့ ဖြေကြားခဲ့တဲ့အတွက် တပ်မတော်က အကြည်အညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ Photo - Kaung Zaw Hein  / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024