ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" မြန်မာနိုင်ငံကို ဦးတည်ခြင်းမရှိ အဝါရောင်အဆင့်သတ်မှတ်
DVB
·
November 7, 2019
ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"(Bulbul)ဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးလို့ အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့၊ ကပ္ပလီကျွန်း အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၂၀ မိုင်ခန့်၊ ပါရာဒစ်ပ်မြို့၊ ဩရိဿရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၀၅ မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၅၅ မိုင်ခန့်နဲ့ ဂွမြို့ အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"ဟာ မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ မြောက်လတ္တီကျု ၁၄.၀ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၈၉.၃ ဒီဂရီမှာရှိနေပြီး ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို ၄၅ မိုင်နှုန်းဖြစ်တယ်လို့ မိုးဇလ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ နေရာကျဲကျဲနဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက် လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်း ပါတယ်။
မုန်တိုင်းကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင် သတိပြုကြဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။
ဓာတ်ပုံ-မိုးဇလ