Home
မြန်မာသတင်း
ရွှေပေါ်ကျွန်းရှိ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ရုပ်တုကို ယောဂီဆောင်သို့ ပြောင်းရွေ့
DVB
·
November 7, 2019
75247291_3068457639959899_1637184663573233664_n
75242216_3068457206626609_5533893098347692032_n
74594073_3068457243293272_2481734607318286336_n
74377883_3068457303293266_962672200198914048_n
74236367_3068457119959951_4439273124789223424_n
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းသာသနာပြုစခန်းရှိ နဂါးရုံကပ်ကျော်စေတီမှာ ထားရှိတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူရုပ်တုကို ယောဂီတွေ တည်းခိုတဲ့အဆောင် ရာဇကြိုအဆောင်ကို ပြောင်းရွေ့လိုက်ပါတယ်။ ရေငံအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးအောင်က "နိုင်ငံတော်အတိုင်ပင်ခံ ပုံတူရုပ်တု ထုလုပ်ပြီး ထားခဲ့တဲ့ ဒေါ်ပေါမယ်က ဖုန်းဆက်လာလို့ ရာဇကြိုအဆောင်မှာ ထားထားပါတယ်။ သူ့အနေနဲ့ အိပ်မက်အရ လုပ်ထားတာပါ။ ဘာရည်ရွယ်ချက်မှ မပါပါဘူးလို့ ဖုန်းနဲ့ပြောလာပါတယ်။ အမေစု ကျန်းမာရေးကောင်းအောင်ထုလုပ်ထားတာပါ။ နဂါးရုံကပ်ကျော်ဘုရားထဲကနေ ပြောင်းရွေ့ထားလည်း ရပါတယ် ပြောလို့ ပြောင်းရွေ့ထားလိုက်ပါတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။ ရုပ်တုကို ဘုရားထဲကနေ ပြောင်းရွေ့ထားလိုက်ပြီလို့ ခရိုင်သာသနာရေးမှူးဦးကိုကိုအောင်က ပြောပါတယ်။  ရုပ်တုထုလုပ်ခဲ့တဲ့ ပန်းရန်သမားကိုအောင်ကျော်ဇောက  "ဒေါ်ပေါမယ်က ပခုက္ကူဘက် ကမ္မဘက်က လို့သိရတယ်။ ပုံတူရုပ်တုလုပ်ခိုင်းတုန်းကလည်း တယ်လီဖုန်းနဲ့ပဲ လုပ်ခိုင်းတယ်။ ဒီဗွီဘီသတင်းမှာ အဲပုံတူရုပ်တုအကြောင်း ပါသွားပြီးနောက်နေ့မှာ ဒေါ်ပေါမယ်ဖုန်းဆက်ထားတာ တွေ့တယ်။ ကျနော်မသိလိုက်လို့ စကားမပြောလိုက်ရဘူး။ သူက ဖုန်းနံပါတ်တွေ အမျိုးမျိုးနဲ့ ဖုန်းဆက်တတ်တယ်။ သူက ခေါ်မှပဲရတယ်။ ပုံတူရုပ်တု နေရာပြောင်းရွေ့ထားတာ သိပါတယ်။ ဘယ်သူတွေ ရွေ့ထားတယ်။ မသိပါဘူး။ ကျနော်ကတော့ မရွေ့ရဲပါဘူး။ အဲပုံတူရုပ်တု လုပ်ခိုင်းလို့ လုပ်ပေးခဲ့တာသုံးလကျော်ပြီ" လို့ ပြောပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချစ်မင်းသိန်းကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ နယ်ဘက်တွေ ရောက်နေလို့ ဘာမှမသိရသေးတဲ့အကြောင်းနဲ့ မေးမြန်းစုံစမ်းပြီးမှ ပြောလို့ရမှာလို့ ပြောပါတယ်။ ရွှေပေါ်ကျွန်းသာသနာပြုစခန်းမှာ အမြင့် ၁ပေခွဲခန့်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုံတူရုပ်တုကို နဂါးရုံကပ်ကျော်စေတီတော်အတွင်း  ယခင် သာသနာပြုဆရာတော်ကြီး အရှင်ဇေယျသိဒ္ဓီဓမ္မညာဏိ က ပုံတူရုပ်ပွားတော်ရဲ့ အနောက်ဘက်မှာထားရှိခဲ့တာပါ။ အောက်တိုဘာ ၃၀ ရက်မှာ ပုံတူရုပ်တုကို တွေ့ရှိ ပျံ့နှံ့သိရှိ သွားခဲ့ပြီး  ထင်ကြေး အမျိုးမျိုးပေးပြောဆိုဝေဖန်နေကြတဲ့အတွက် နိုဝင်ဘာ ၅ ရက်နေ့မှာ ရွှေပေါ်ကျွန်းသာသနာပြုစခန်း အတွင်းရှိ ရာဇကြိုအမည်ရ ယောဂီများတည်းခိုဆောင်မှာ ပြောင်းရွေ့ထားလိုက်တာပါ။  အဆိုပါ ရုပ်တုကို ပခုက္ကူဘက်က ယောဂီဒေါ်ပေါမယ်က ကျပ် ၁၈၀၀၀၀ ပေးပြီး ပန်းရန်ဆရာကို  လွန်ခဲ့တဲ့ ၂လကျော်လောက်က ထုလုပ်လုပ်ခိုင်းခဲ့တာဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024