Home
မြန်မာသတင်း
ကရင်ပြည်နယ်၌ အရက်သောက်သုံးသူ ၁၀ ရာခိုင်နှုန်းက ၁၈ နှစ်အောက် လူငယ်များဖြစ်နေ
DVB
·
November 6, 2019

ကရင်ပြည်နယ်အတွင်း အရက်သောက်သုံးသူ ၅၀ ရာခိုင်နှုန်းရှိပြီး အသက် ၁၈ နှစ်အောက်သောက်သုံးသူ ၁၀ ရာခိုင်နှုန်းရှိသလို မူးယစ်ဆေးဝါးသုံးစွဲမှုအနေနဲ့ လူငယ်တွေက ပိုမိုသုံးစွဲနေတယ်လို့ လေ့လာတွေ့ရှိချက် စစ်တမ်းတွေအရ သိရပါတယ်။

အခုစစ်တမ်းကို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက  ကရင်ပြည်နယ်ထဲမှာကောက်ခံခဲ့တာ ဖြစ်ပြီး အရက်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ နည်းဥပဒေတွေကို ပြည်သူတွေသိရှိစေဖို့အတွက် နိုဝင်ဘာ ၅ ရက်က ဘားအံမြို့မှာပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ  ထုတ်ဖော် ပြောကြားခဲ့တာပါ။

အရက်နဲ့မူးယစ်ဆေးဝါးကြောင့်လူငယ်တွေမှာ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုကျိုးတွေကို လျော့ချပြီး ကုသချင်တယ်လို့ ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးဇော်မင်းက ပြောပါတယ်။

ဘားအံမြို့၊ ကရင်ရေးရာကော်မတီ၊ အတွင်းရေးမှူး ဦးကျော်စွာကတော့ “အထူးသဖြင့် မြန်မာနိုင်ငံ ယစ်မျိုး ဥပဒေနဲ့ ကရင်ပြည်နယ်ယစ်မျိုးဥပဒေကိုချိန်ထိုးပြီး တကယ်တမ်း ၂ ရက်တာ လူထုတွေတက်ရောက်တဲ့အခါ အဖြေကဘာရလာလဲဆိုတော့ ဥပဒေသက်ရောက်မှု အကောင်အထည်ဖော်ဖို့လိုပါတယ် ”လို့ ပြောပါတယ်။

အဲဒီ အလုပ်ရုံဆွေးနွေးပွဲကို တရားဥပဒေစိုးမိုးရေးစင်တာက တာဝန်ရှိသူတွေနဲ့ ကရင်ပြည်နယ် အတွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ပါတယ်။

အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့လူတွေကနေပြီးတော့ အမျိုးသမီးတွေကို အကြမ်းဖက်တာတွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ ဘားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ပြင်ပဆက်ဆံရေးတာဝန်ခံ မသျှင်နှင်းခက်က ပြောပါတယ်။

သွီးလူထုအခြေပြု လူမှုဖွံ့ဖြိုးရေးကွန်ရက်၊ အလုပ်မှုဆောင်ဒါရိုက်တာ မန်းသိန်းဇော်က “ယစ်မျိုးဆိုင်ရာ အခွန်ဥပဒေကိုလည်း လေးစားလိုက်နာမှုမရှိဘူး။ ယစ်မျိုးနဲ့ပတ်သက်ပြီးတော့ လေးလေးစားစား လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ ဆောင်ရွက်မှုမရှိဘူး”လို့ ပြောပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို အရက်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ဉပဒေ၊ သိရှိစေဖို့၊ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာတဲ့အရက်တုတွေကြောင့် ဖြစ်ပေါ်လာမယ့် ကျန်းမာရေးဆိုးကျိုးတွေကို ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့၊  အရက်ထုတ်လုပ်ရောင်းချတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အရက်ကြောင့်ဖြစ်ပွားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ပါဝင်လာပြီး ကူညီစောင့်ရှောက်မှုပေးနိုင်ဖို့နဲ့ လူမှုရေး အသင်းကြီးပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာပါ။

 

သတင်း- ရဲမင်းခေါင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024