Homeမြန်မာသတင်း
မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလောမြို့တွင် အပြေးပြိုင်ပွဲ ကျင်းပမည်
မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလောမြို့တွင် အပြေးပြိုင်ပွဲ ကျင်းပမည်
သူဇာလင်း
·
November 6, 2019
မြန်မာ့ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ကို ခရီးသွားတွေ ပိုမိုစိတ်ဝင်စားလာရောက်လည်ပတ်နိုင်အောင် ၄ ကြိမ်မြောက် Kalaw Trail Run အပြေးပြိုင်ပွဲကို ကျင်းပသွားဖို့ရှိပါတယ်။
လာမယ့် ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့မှာ ကျင်းပမယ့် Kalaw Trail Run ပြိုင်ပွဲမှာတော့ ပြည်တွင်း၊ ပြည်ပက အားကစားဝါသနာရှင်ပေါင်း အယောက် ၄၀၀ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၀ နိုင်ကျော်က အပြေးအားကစားဝါသနာရှင်တွေ ပါဝင်မယ့် ပြိုင်ပွဲကတော့ ၂၀၁၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာပါ။
အေးချမ်းတဲ့ ကလောမြို့ရဲ့ သဘာဝ ရှုခင်းအလှအပတွေ၊ ကလောမြို့မှာ နေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို နိုင်ငံတကာက ပိုမိုစိတ်ဝင်စား လာဖို့အတွက် အခုလို ကျင်းပတာဖြစ်တယ်လို့ နိုဝင်ဘာ ၆ ရက် စာနယ်ဇင်းရှင်းလင်းပွဲမှာ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ပြိုင်ပွဲမှာတော့ အပျော်တမ်း ၄ ကီလိုမီတာပြိုင်ပွဲ၊ ကလောမြို့ရဲ တောင်တန်းတွေကို ပတ်ပြေးမယ့် ၁၂ ကီလိုမီတာပြိုင်ပွဲနဲ့ ကျေးရွာတွေကို ပတ်ပြေးမယ့် ၂၅ ကီလိုမီတာပြိုင်ပွဲ၊ တာဝေး ၅၁ ကီလိုမီတာ မာရသွန် ပြိုင်ပွဲတွေ ပါဝင်ပါတယ်။
တာဝေး ၅၁ ကီလိုမီတာ မာရသွန်ပြိုင်ပွဲကလွဲပြီး ကျန်တဲ့ ပြိုင်ပွဲတွေကိုတော့ နိုဝင်ဘာ ၂၄ ရက်အထိ စာရင်းပေးသွင်းနိုင်ပြီး အနိုင်ရသူကိုတော့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေနဲ့ ချက်လက်မှတ်တွေကို ပေးအပ်ချီးမြှင့်သွားမယ်လို့ ပွဲကျင်းပတဲ့သူတွေက ပြောပါတယ်။