Home
မြန်မာသတင်း
တနင်္သာရီတိုင်း၀န်ကြီးချုပ်ဟောင်းအမှု လာမည့်ရုံးချိန်းတွင် လ၀က၀န်ကြီးကို စစ်ဆေးမည်
DVB
·
November 6, 2019
အဂတိလိုက်စားမှုနဲ့တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီ တာ၀န်ရှိသူ ၃ ဦးအမှုကို တရားလိုပြသက်သေအဖြစ် တနင်္သာရီတိုင်း လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီး ဦးကျော်မင်းကို  စစ်ဆေးမယ်လို့ တိုင်းဒေသကြီးတရားလွှတ်တော်က သိရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဟောင်း ဦးကြည်လှိုင်နဲ့  ဘဏ္ဍာရေးနှင့်စီမံကိန်း၀န်ကြီးဟောင်း ဦးဖြိုး၀င်းထွန်းတို့ကို စစ်ဆေးပြီးနောက် လ၀က၀န်ကြီးဦးကျော်မင်းကို နို၀င်ဘာ ၁၈ ရက်နေ့ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် F22 Sunny ဆောက်လုပ်ရေးကုမ္ပဏီ၀န်ထမ်း ဦးဖြိုးပိုင်အောင်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းတို့ကိုလည်း တရာလိုပြသက်သေအဖြစ် စစ်ဆေးမယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့ ၃၈ ကြိမ်မြောက်ရုံးချိန်းမှာတော့ တရားလိုပြသက်သေ တောင်ကြီးမြို့နယ်တရားရုံး တွဲဖက်မြို့နယ်တရားသူကြီး  ဦးသိုက်အောင်နဲ့ ကရင် ပြည်နယ်တရားလွှတ်တော် လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်မြင့်တို့ကို စစ်ဆေးခဲ့ပါတယ်။ ဦးသိုက်အောင်မှာ ရေဖြူမြို့နယ်တရားရုံးနဲ့ ဦးကျော်မြင့်မှာ ထား၀ယ်မြို့နယ်တရားရုံးမှာ မြို့နယ်တရားသူကြီးအဖြစ်တာ၀န်ထမ်းဆောင်ခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်။ ထား၀ယ်မြို့နယ်တရားရုံးမှာ ဦးကျော်မြင့်တာ၀န်ထမ်းဆောင်စဉ်က ဒီအမှုနဲ့ ပတ်သက်ပြီး ကြိုတင်ထွက်ချက်ရယူတာ၊ ဖြောင့်ချက်ပေးတာတွေ လုပ်ဆောင်ခဲ့လို့အစိုးရဘက်က ဥပဒေ အရာရှိနဲ့ စွပ်စွဲခံရသူဘက်က  ရှေ့နေတို့က ပြန်လှန်စစ်မေးခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားရုံးတော်သို့တင်ပြထားတဲ့ တရားလို ပြသက်သေ ၉၉ ဦးရှိတဲ့အထဲက  တရားလိုပြသက်သေ ၇၂ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ သတင်း-တင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024