မကွေးမြို့တွင် အသံထက်မြန်သည့်လေယာဉ်များ လေ့ကျင့်ပျံသန်းမည်
ပိုင်စိုး
·
November 5, 2019
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ အသံထက်မြန်တဲ့ လေယာဉ်တွေ လေ့ကျင့်ပျံသန်းမှာ ကြောင့် ဒေသခံတွေအနေနဲ့ ပေါက်ကွဲသံတွေကြားရင် ထိတ်လန့်တကြား မဖြစ်ကြဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ကြေညာထားပါတယ်။
နိုဝင်ဘာ ၅၊ ၆၊ ၇၊ ၈ နဲ့ ၁၂ ရက်မှာ လေယာဉ် လေ့ကျင့်ပျံသန်းမှာ ဖြစ်ပြီး အရန်ရက်တွေ အဖြစ် ၁၃ ရက်ကနေ ၁၅ ရက်အထိ သတ်မှတ်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားပါတယ်။
မကွေးဒေသခံ ဦးကိုကိုဦးက “မနေ့ကလည်း ပျံတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ ရပ်ကွက်တွေကို စာထုတ်ထားတယ်။ ရပ်ကွက်တွေကလည်း နီးစပ်ရာကို ပြောပြထားတော့ လူတွေကတော့ သိနေကြတယ်။ ဒီနေ့ကတော့ ပျံတာ မကြားသေးဘူး” လို့ ပြောပါတယ်။
မကွေးလေတပ်စခန်းဌာနချုပ်က လေယာဉ်တွေဟာ ကြေညာထားတဲ့ ရက်တွေရဲ့ ရာသီဥတု သာယာချိန်မှာ လေ့ကျင့်ပျံသန်းမှာ ဖြစ်ပါတယ်။
အသံထက်မြန်တဲ့လေယာဉ်တွေဟာ ပျံသန်းနေတုန်း အရှိန်မြှင့်လိုက်ရင် ပေါက်ကွဲသံ အကျယ်ကြီး ထွက်လေ့ရှိပြီး နေရာတော်တော်ဝေးဝေးကနေ ကြားရတတ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း လေယာဉ်တွေ လေ့ကျင့်ခဲ့ဖူးပြီး ဒေသခံလူထုက မသိတာကြောင့် ထိတ်လန့်ခဲ့ ကြပါတယ်။