မိတ္ထီလာတွင် ဆိုက်ကယ်နှင့်ကားတိုက်ပြီး တပ်ကြပ် ၁ ဦးသေ၊ ကျောင်းသား ၁ ဦး ဒဏ်ရာရ
DVB
·
November 4, 2019
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ နိုဝင်ဘာ ၂ ရက်က ဆိုင်ကယ်နဲ့ ကားတိုက်လို့ တပ်မတော်တပ်ကြပ်ကြီး တဦးသေဆုံးပြီး အဝေးသင်တက္ကသိုလ်ကျောင်း တဦးဒဏ်ရာရခဲ့တယ်လို့ မိတ္ထီလာအမှတ်(၂)ရဲစခန်းက သိရပါတယ်။
မိတ္ထီလာအမှတ် (၂) ရဲစခန်းတာဝန်ကျရဲအရာရှိက “တပ်မတော်ဆေးရုံမှာ ဆေးကုသရင်း တပ်မတော်တပ်ကြပ်ကြီး ဆုံးသွားပါတယ်။ အဝေးသင်ကျောင်းသားကတော့ မိတ္ထီလာ ဆေးရုံမှာ ဆေးကုနေပါတယ်”လို့ ပြောပါတယ်။
မန္တလေးဘက်သို့ ယာဉ်မောင်း မြင့်သန်း မောင်းနှင်လာတဲ့ အဖြူရောင်လိုက်ထရပ်ယာဉ်ဟာ ဘရိတ်ပေါက်ကာ တဖက်ယာဉ်ကြောမှာ သွားနေတဲ့ လေယာဉ်ပြင်ဆင်ရေး တပ်က တပ်ကြပ်ကြီးနဲ့ အဝေးသင်တက္ကသိုလ်ဥပဒေနောက်ဆုံးနှစ် ကျောင်းသားတို့ စီးလာတဲ့ ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့တာပါ။
ယာဉ်တိုက်တာကြောင့် အသက် ၂၃ နှစ်ရှိ တပ်ကြပ်ကြီး မျိုးကျော်ထွန်း အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင် ၅၀၀ မှာ ဆေးကုသနေရင်း သေဆုံးသွားခဲ့ပြီး အသက် ၂၃ နှစ်ရှိ အဝေးသင်ကျောင်းသား နိုင်အောင်ဦးဟာ ညာဘက်ပေါင်ကျိုးခဲ့တယ်လို့သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မိတ္ထီလာအမှတ်(၂)ရဲစခန်းက လိုက်ထရပ် ယာဉ်မောင်း မြင့်သန်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။