DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် ကျောင်းဆရာ ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး ၂ ဦးကို အေအေဖမ်းဆီးသွားဟု တပ်မတော် ပြော
DVB
·
November 1, 2019
ဘူးသီးတောင်တွင် ကျောင်းဆရာ ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး ၂ ဦးကို အေအေဖမ်းဆီးသွားဟု တပ်မတော် ပြော
1 / 3
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တဦး၊ရာအိမ်မှူး တဦးနဲ့ ကျောင်းဆရာ  တဦးတို့ကို ရခိုင်တပ်မတော်(အေအေ)က ဖမ်းဆီးသွားတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဖမ်းဆီးခံနေရသူ ၃ ဦးဟာ ဘူးသီးတောင်မြို့နယ် အုတ်တောင်ကျေးရွာအုပ်စုက အသက် ၃၂ နှစ်အရွယ် အုတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိန်၊ ဆယ်အိမ်မှူး ဦးမောင်စံနဲ့ အ.မ.က မြောက်ချောင်းက ကျောင်းဆရာ အသက် ၄၂ နှစ်အရွယ် ဦးဆင်ဟုန်(ခေါ်)ဦးသာဦးတို့ ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ်ပညာရေးမှူး ဦးမောင်သန်းနိုင်က "ကျောင်းဆရာဖြစ်သူရဲ့ညီကတော့ ရုံး ကိုလာပြီး အသိပေးအကြောင်းကြားလာပါတယ်။ အုတ်တောင်ရွာနားမှာ ပျောက်သွားတာ လို့တော့ သိရပါတယ်။ ပြည်နယ်ကိုတော့ အကြောင်းကြားထားပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

အုတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိန်ရဲ့ ဇနီးဒေါ်နန္ဒာအေးကတော့ "ဘယ်သူဖမ်းသွားလဲ မပြောနိုင်ပါ။အခုထိအဆက်အသွယ်မရသေးပါ။ သားသမီး ၆ ယောက်ရှိပါ တယ်။ ဖမ်းဆီးသွားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ည လုံးဝ မအိပ်နိုင်ဖြစ်နေပါတယ်" လို့ပြောပါတယ်။

သူတို့သုံးဦးဟာ ဆိုင်ကယ်နှစ်စီးနဲ့  ဘူးသီးတောင်မြို့နယ်ကျေးလက်ရုံးကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက လာရောက်ခဲ့ကြပြီး မြစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးချေးငွေကိစ္စရပ်တွေ ဆွေးနွေးကာ မြောက်ချောင်းကျေးရွာသို့ ညနေ ၃ နာရီလောက်မှာ ဆိုင်ကယ်နဲ့ ပြန်လည်ထွက်ခွာလာကြပြီး ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခြင်းဘဲ ပျောက်ဆုံးနေတာပါ။  

မိသားစုဆွေမျိုးတွေနဲ့ ကျေးရွာသားတွေက လိုက်လံရှာဖွေရာ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာ မြောက်ချောင်းကျေးရွာ တောင်ဘက် ၇ ဖာလုံခန့်အကွာ မြောက်ချောင်း အုတ်တောင် သွားလမ်း တောင်းခါးပတ်အကွေ့မှာ သူတို့စီးလာတဲ့ ဆိုင်ကယ် ၂ စီးကိုသာတွေ့ရှိပြီး လူတွေကိုတော့တွေ့ရှိခဲ့ခြင်း မရှိပါဘူး။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက "အေအေက ဖမ်းသွားတာတွေ များနေပြီ။ အခုက မီဒီယာတွေမှာ တပ်မတော်ပြုလုပ်တဲ့ အပြစ်တွေကိုပဲ ဖော်ထုတ်ရေးသားနေကြတာ။ အေအေပြုလုပ်တဲ့အပြစ်တွေကျတော့ ဘယ်မီဒီယာမှ ဖော်ထုတ်ပြီး မရေးကြဘူး။ ဟိုတနေ့ကလည်း  မြောက်ဦးမြို့နယ်၊ သရက်အုပ်ကျေးရွာက စစ်မှုထမ်း ဟောင်း တယောက်နဲ့ မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာက ရွာသားတယောက်ကို အေအေက ဖမ်းသွားသလို ၂၉ ရက်နေ့ကလည်း ဘူးသီးတောင်မှာဒေသခံ ခမီးလူမျိုး ၃ ဦး ကို အေအေက ဖမ်းသွားတာရှိတယ်" လို့ပြောပါတယ်။

တပ်မတော်အရာရှိရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး  ရက္ခိုင့်တပ်တော်(အေအေ)ဘက်ကိုတော့ ဖုန်းဆက်မေးမြန်းပေမယ့်လည်း ဖုန်းအဆက်အသွယ်မရသေးပါဘူး။

မြောက်ဦးမြို့နယ် သရက်အုပ်ကျေးရွာက စစ်မှုထမ်းဟောင်း တယောက်နဲ့ မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာက ရွာသားတယောက်တို့ကိုလည်း အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ ၃၀ရက် သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ စစ်မှုထမ်းဟောင်း ဦးဘိုနီဟာ ဇနီးဖြစ်သူနဲ့ နေအိမ်မှာရှိနေချိန် အောက်တိုဘာ ၂၆ ရက် ညနေ ၇ နာရီခွဲခန့်မှာ အေအေ အရပ်ဝတ်ဝတ်ဆင်ထားသူ ငါးယောက်လောက်က မော်တော်ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဖော်ပြထားပါတယ်။

အလားတူ မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာနေ ဦးထွန်းမင်းသိမ်းဟာလည်း အောက်တိုဘာ ၁၈ ရက်၊ ညနေ ၄ နာရီလောက်က ပြိန်းချောင်းရွာကိုအသွား အိုးပုံတောင်ကျေးရွာရဲ့ မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာ ပြိန်းချောင်းကျေးရွာသွား ကားလမ်းပေါ်အရောက်မှာ အေအေ အဖွဲ့က အရပ်ဝတ်ဝတ် ဆင်ထားသူ ၁၀ ယောက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

သတင်း- ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013