Homeမြန်မာသတင်း
နှင်းဆီလှိုင်းများရဲ့ည(သို့) နာမည်ကျော် အဆိုတော်ရဲသွင် တကိုယ်တော်ဖျော်ဖြေပွဲကျင်းပမည်
နှင်းဆီလှိုင်းများရဲ့ည(သို့) နာမည်ကျော် အဆိုတော်ရဲသွင် တကိုယ်တော်ဖျော်ဖြေပွဲကျင်းပမည်
DVB
·
October 31, 2019
“အချစ်များ ရင်ထဲမှာ… အချစ်များ အသည်းထဲမှာ… အချစ်များ နှလုံးသားမှာ… အားလုံးပဲ ကိုယ့်ရဲ့အချစ်တွေ မင်းအတွက်ပါ”
ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ မင်းမသိဘူးလား အမည်ရတဲ့ သီချင်းစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။
ဒီသီချင်းအပါအဝင် ဆယ်စုနှစ်ချီ မြန်မာ့ဂီတလောကမှာ အောင်မြင်ထင်ရှားခဲ့တဲ့ သီချင်းတွေကို သီဆိုခဲ့တဲ့ ရဲသွင်ရဲ့ တကိုယ်တော်ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာလ ၅ ရက် နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
“မင်းရှိမှ ကိုယ့်ဘ၀က ပြည့်စုံမှာပါ… မင်းချစ်မှ ကိုယ့်အချစ်က… ပြည့်စုံနိုင်မှာ… မပြောင်းလဲတဲ့ ကိုယ့်အချစ်က မင်းကိုရည်ရွယ်… မင်းက ဒါကို မသိဘူးလား”
နှင်းဆီလှိုင်းများရဲ့ညလို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ ရန်ကင်းမြို့နယ် ထဲက The Radio Bar မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ရဲသွင်ရဲ့ ပထမဆုံးတကိုယ်တော်တေးအယ်လ်ဘမ် နှင်းဆီလှိုင်းများ၊ အဲဒီနောက် လပြည့်ကဗျာစတဲ့ တေးအယ်လ်ဘမ်တွေဟာ တကယ့်ကို ပရိသတ်အားပေးမှုတွေ ရရှိခဲ့ တာမို့ ခုကျင်းပမယ့် ဖျော်ဖြေပွဲကလည်း ပရိသတ်တွေအတွက် ကျေနပ်မှုရှိစေမှာ ဖြစ်ပါတယ်။
သူငယ်ချင်းအတွက်၊ စွန့်စားမယ့်အချစ်၊ ချစ်ပြီးမှတော့၊ အရိုင်းလေ၊ တို့ကချစ်နေ လို့စတဲ့ နာမည်ကျော်သီချင်းတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ဂီတအနုပညာချစ်သူတွေ ကြားမှာ လွှမ်းမိုးနေရာယူထားနိုင်ခဲ့တဲ့ အဆိုတော် ရဲသွင်ရဲ့ ဒီဖျော်ဖြေပွဲမှာတော့ Ghost Rider တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့ တင်ဆက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။