Home
မြန်မာသတင်း
RCSS  အန်စီအေ ၄ နှစ်ပြည့်ပွဲ မတက်သည့်ကိစ္စ တပ်မတော်နှင့် မဆိုင်ဟု ကာချုပ်ရုံးထုတ်ပြန်
ပိုင်စိုး
·
October 30, 2019
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ၄ နှစ်အပြည့်အခမ်းအနား မတက်ရောက်ခဲ့တာဟာ တပ်မတော်နဲ့ မဆိုင်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၈ ရက်က နေပြည်တော်မှာ လုပ်တဲ့ အန်စီအေ ၄ နှစ်ပြည့်ပွဲကို RCSS/SSA  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နဲ့ ကိုယ်စားလှယ်အဖွဲ့ မတက်ရောက်ရတာဟာ တပ်မတော်က လက်တွဲကူညီတာမရှိတဲ့အပြင် ခရီးစဉ်ကို ပိတ်ပင်တားဆီးခဲ့လို့ ဖြစ်တယ်လို့ RCSS/SSA ဘက်က ပြောထားတာပါ။ ဒီကိစ္စတပ်မတော်က ဖြေရှင်းထုတ်ပြန်ရာမှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၂၅ ရက်က ဟိုမိန်း- လင်းခေး- မိုးနဲ- နမ့်စန်- လွိုင်လင်- တောင်ကြီး- နေပြည်တော် လမ်းကြောင်းအတိုင်း မော်တော်ယာဉ်နဲ့လာရောက်မှာဖြစ်လို့ လုံခြုံရေးပေါင်း စပ်ညှိနှိုင်း ဆောင်ရွက်ပေးဖို့အတွက် နိုင်ငံတော်သမ္မတရုံးကနေ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ကို အကြောင်းကြားတဲ့စာကို အောက်တိုဘာ ၂၄ ရက်မှ အချိန်နီးကပ်ပြီး လက်ခံ ရခဲ့တယ်လို့ ဆိုပါတယ်။ ဟိုမိန်း- လင်းခေး လမ်းကြောင်းတလျှောက်ဟာ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ထားတဲ့ ဟိုမိန်း ပြည်သူ့စစ်အဖွဲ့၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေနဲ့ အန်စီအေလက်မှတ်ထိုးထားတဲ့ PNLO အဖွဲ့တွေ လှုပ်ရှားအခြေပြုနေတဲ့ နေရာတွေဖြစ်ပြီး အဲဒီနယ်မြေမှာ ၂၀၁၈  နိုဝင်ဘာလကနေ ၂၀၁၉ ဇန်နဝါရီလအတွင်း RCSS/SSA နဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့၊ PNLO အဖွဲ့တို့ ထိတွေ့ တိုက်ခိုက်မှု ပဋိပက္ခဖြစ်စဉ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို အပစ်ရပ်လက်မှတ်ထိုးထားသူအချင်းချင်း ပဋိပက္ခတွေဖြစ်ရင် ဖြေရှင်းရခက်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌနဲ့အဖွဲ့ သွားရောက်မယ့် လွယ်တိုင်းလျှံ- ဟိုမိန်းကတဆင့် တောင်ကြီး၊ နေပြည်တော်အထိ ခရီးမိုင် စုစုပေါင်း မိုင် ၄၀၀ ကျော်ရှိလို့ ခရီးဝေးတာ၊ လမ်းကြောင်းတလျှောက် လုံခြုံရေးပြုလုပ်ပေးနိုင်ဖို့ သိရတဲ့ရက်ကလည်း နီးနေတာ၊ ဖြတ်သန်းရမယ့်ဒေသထဲက လက်နက်ကိုင်အဖွဲ့တွေအကြား တင်းမာနေတာကြောင့်  ၂၀၁၅အောက်တိုဘာမှာလုပ်ခဲ့တဲ့ အန်စီအေ လက်မှတ်ထိုးပွဲအပါအဝင် နောက်ပိုင်း နေပြည်တော်ကို ၃ ကြိမ် လာခဲ့သလိုမျိုး တာချီလိတ်ကတဆင့် လေယာဉ်နဲ့ပဲ လာသင့်တယ်လို့ သမ္မတရုံးကို အကြံပြုခဲ့တယ်လို့လည်းဆိုပါတယ်။ RCSS/SSA ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလိုလာမယ်ဆိုတာကို အောက်တိုဘာ ၁၈ ရက်မှာ ဦးဇော်ဌေးကိုပြောခဲ့သလို အောက်တိုဘာ ၂၃ ရက်မှာလည်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဗဟိုဌာန (NRPC) ကို တရားဝင် အကြောင်းကြားထားခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ လေယာဉ်နဲ့ လာဖို့အကြံပြုထားတာကို ခရီးထွက်လာပြီး မြန်မာနိုင်ငံထဲ ဝင်မယ့်ဆဲဆဲ အကြိုလာတဲ့သူတွေကို ပြန်ခိုင်းတဲ့နောက်ပိုင်း ဦးဇော်ဌေးဆီကို ဆက်သွယ်မှ သိရတယ်လို့ ဆိုပါတယ်။ တပ်မတော်ကတော့ RCSS/SSA ဟာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ကို အသိပေး အကြောင်းကြားတာမရှိဘဲ ခရီးကို ကြိုဆိုဖို့ အရပ်ကား ၄ စီးနဲ့ ဟိုမိန်းကို အောက်တိုဘာ ၂၄ ရက် ညနေပိုင်းမှာ ရောက်လာတာတွေ့လို့ တိုင်းစစ်ဌာနချုပ်ကစုံစမ်းပြီး အဆင့်ဆင့်သတင်းပို့တင်ပြမှပဲ လုံခြုံရေး အခြေအနေအရ လိုအပ်တာတွေကို ဆက်လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ NRPC တာဝန်ရှိသူတွေက တာချီလိတ်ဘက်ကိုလာဖို့အတွက် ထိုင်းနိုင်ငံထဲကနေ နေ့ချင်း သွားလာနိုင်ဖို့ စီစဉ်ပေးခဲ့သလို တာချီလိတ်ကတဆင့် စင်းလုံးငှားလေယာဉ်နဲ့ နေပြည်တော်ကို လာဖို့ စီစဉ်ပေးခဲ့ကိုသိရပေမယ့် မလာခဲ့ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် နှစ်ပတ်လည်ပွဲကို မတက်ရောက်တာဟာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ရဲ့ ကိစ္စပဲ ဖြစ်တယ်လို့ တပ်မတော်ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နှစ်ပတ်လည်ပွဲကို တက်ရောက်လာကြသူ အားလုံး ကို ငြိမ်းချမ်းသာယာမှုရှိကြဖို့ ဆန္ဒပြုကြောင်းပြောပြီး အကြောင်းအမျိုးမျိုးပြပြီး မတက်ရောက် လာတဲ့ အဖွဲ့တွေကလည်း သူတို့အကြောင်းနဲ့ သူတို့ပဲ ဖြစ်ပါလိမ့်မယ်လို့ အဲဒီပွဲမှာ ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024