ရန်ကုန်တက္ကသိုလ်ရာပြည့်အမှတ်တရ ဆာဂျွန်ဂျာဒင်းသို့ တခုတ်တရ (သုတကဖေး)

၁၉၂၀ ဒီဇင်ဘာ ၁ ရက်နေ့ဆိုရင် ရန်ကုန်တက္ကသိုလ်ကြီး နှစ်တရာ ပြည့်တော့မယ်။ ကာလကတ္တား လက်အောက်ခံ ကောလိပ်ကတော့ နှစ်တရာကျော်ရောပေါ့။ ရာဇဝင်တလျှောက်လုံးမှာတော့ မြန်မာတို့ရဲ့ ပညာရေးဟာ ဘုန်းတော်ကြီးသင်ပညာရေးပဲ ရှိခဲ့တာကိုး။ ဒါပေမဲ့ ဥရောပ ပညာရေးနဲ့ ဆေးပညာကိုတော့ ၁၆၇၂ ဗရင်ဂျီ ဘာသာရေးကတဆင့် ရရှိနေပြီလို့ အချို့သုတေသီတွေက ပြောကြပါတယ်။ အချို့မှတ်တမ်းတွေကတော့ ၁၇၂၁ ဗာနဂိုဏ်းဝင်ဘုန်းတော်ကြီး “ဖာသာဆစ်ခ်စမန်ကလချီ”တို့ ရောက်လာပြီး အနောက်တိုင်း ပညာရေးကို မြန်မာနိုင်ငံမှာ စတင်ခဲ့တယ်လို့ ဆိုတယ်။ ဒေါက်တာဂျပ်ဆင်တို့ ဇနီးမောင်နှံက ၁၈၁၃ ခုနှစ်မှ ရောက်လာတာမို့ နောက်ကျတယ်လို့ ဆိုတယ်။ ကိုလိုနီပညာရေးအရ ပြောရရင်တော့ ၁၈၂၄ နောက်ပိုင်းမှ မြန်မာပြည်ကို ရောက်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒေါက်တာဂျပ်ဆင် ကိုယ်တိုင်တောင် ၁၈၂၆ ရောက်မှ ကျိုက္ခမီမှာ သာသနာပြုကျောင်းတခု ဖွင့်ခဲ့တာ။ ဒေါက်တာဂျပ်ဆင်ဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းကိုတော့ ၁၈၃၅ ခုနှစ်ရောက်မှ မော်လမြိုင်ကို ပြောင်းပြီးဖွင့်ခဲ့တာ။ မော်လမြိုင်က ကိုလိုနီပညာရေးကို အစောဆုံးရခဲ့တာလို့ ဆိုနိုင်တယ်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်အပြီး တနင်္သာရီနဲ့ ရခိုင်ဒေသကို အင်္ဂလိပ် သိမ်းပြီးတဲ့နောက် ပထမဆုံး ပေါ်လာတဲ့ ကိုလိုနီပညာရေးပါ။ ၁၉၃၇ ခုနှစ် ကျောက်ဖြူမှာ ဒုတိယမြောက် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်း ဖွင့်ခဲ့တာ။ စစ်တွေကတော့ ၁၉၄၄ ထဲ ရောက်မှ ကျောင်းဖွင့်နိုင်ခဲ့တာ။ အဲဒီအချိန်ထိ အလယ်တန်းအဆင့်ပဲ ဖွင့်နိုင်ခဲ့တာ။ ဒါကြောင့်လည်း အဲဒီခေတ်အခါက ပညာတတ်တွေဟာ ရခိုင်၊ မွန်နဲ့ ကရင် ပညာတတ်တွေ အများစု ရှိခဲ့တာ။ သူတို့နေရာတွေက ကိုလိုနီ အရင်ဖြစ်ခဲ့ပေသကိုး။ ၁၉၅၃ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်အပြီး အောက်မြန်မာပြည်တခုလုံး၊ အင်္ဂလိပ်လက်ရောက်သွားတော့ ရန်ကုန်လည်း ကိုလိုနီဖြစ်ပြီ။ ဒီတော့မှ ၁၉၅၅ ရောက်တော့ ရန်ကုန်မှာ ကျောင်းသား ၅ ယောက်နဲ့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်း ဖွင့်နိုင်ခဲ့တာ။ ဗြိတိသျှအစိုးရအနေနဲ့ကတော့ ၁၈၆၆ ထဲ ရောက်မှ မြန်မာနိုင်ငံပညာရေးဌာနဆိုပြီး ဖွဲ့နိုင်ခဲ့တယ်။ ၁၈၇၂ မှာတော့ ကုရှင်ကျောင်း (ယခု အလုံ -၄) ကို ဖွင့်ခဲ့တာ။ ၁၈၇၇ ခုနှစ်ရောက်တော့ ကာလကတ္တားတက္ကသိုလ်ရဲ့ မက်ထရစ်ကူလေးရှင်း စာမေးပွဲကို ရန်ကုန်အစိုးရအထက်တန်းကျောင်းက နှစ်ယောက် ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၈၇၈ ခုနှစ်မှာတော့ အက်ဖ်အေတန်းကို စသင်နေပြီလို့ ဆိုပါတယ်။ နောက် ၂ နှစ် ကြာတော့ ၁၈၇၉ မှာ ရန်ကုန်အစိုးရ အထက်တန်းကျောင်းကို ကာလကတ္တား လက်အောက်ခံ ကောလိပ်အဖြစ် အသိအမှတ်ပြုလို့ အက်ဖ်အေ (FA –first Art) ကျောင်းသားလေး ယောက်နဲ့ စခဲ့တာ။  ၁၈၈၃ မှာ ရန်ကုန်ကောလိပ်ဟာ ဝိဇ္ဇာ(ဘီအေ)တန်းအထိ ဖွင့်နိုင်ပြီ။ ၁၈၈၅ မှာတော့ ရန်ကုန်ကောလိပ်ကနေ “မောင်တူ” ဆိုတဲ့ ကျောင်းသားဟာ ဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့တယ်။ ရန်ကုန်ကောလိပ်ရဲ့ ပထမဆုံး ဝိဇ္ဇာဘွဲ့ရတဲ့သူအဖြစ် မှတ်တမ်းတင်ခဲ့ကြတယ်။ ဒီအထိလည်း ရန်ကုန်ကောလိပ်ဟာ အမြဲတမ်းကောလိပ်အဖြစ် အသိအမှတ်ပြုမခံရသေးပါဘူး။ ၁၈၈၆ အထက်မြန်မာပြည် သိမ်းပြီးမှ ရန်ကုန်ကောလိပ်ကို အမြဲတမ်းကောလိပ်အဖြစ် အသိအမှတ်ပြုခံခဲ့ရတာပါ။ ၁၈၈၆ ထဲမှာ အမြဲတမ်းကောလိပ် ဖြစ်ခဲ့ပြီမို့ ရန်ကုန်ကောလိပ်ကို ပညာရေးစင်ဒီကိတ်အဖွဲ့က အုပ်ချုပ်ခဲ့တယ်။ ပညာရေးစင်ဒီကိတ်ဥက္ကဋ္ဌဟာ ဆာဂျွန်ဂျာဒင်း ဖြစ်တယ်။ သူက မြန်မာနိုင်ငံကို တက္ကသိုလ်တခု ဖွင့်ပေးသင့်ကြောင်းကို ၁၈၈၀ ပြည့်နှစ်ကတည်းက တင်ပြခဲ့ဖူးတယ်။ ကျောက်စာဝန် တော်စိန်ခိုကလည်း ၁၈၉၆ မြန်မာနိုင်ငံဆရာများအသင်း အစည်းအဝေးပွဲမှာ မြန်မာနိုင်ငံမှာ တက္ကသိုလ်တခု ရှိဖို့သင့်ကြောင်း တင်ပြအစီရင်ခံဖူးတယ်လို့ ဆိုတယ်။ မြန်မာပြည် ဘုရင်ခံနဲ့ အိန္ဒိယအစိုးရတို့ ပယ်ချခဲ့တာ။ ၁၉၀၁၊ ၁၉၀၃၊  ၁၉၁၀ တို့မှာလည်း အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် ပယ်ချခြင်းပဲ ခံခဲ့ရပါတယ်။ လွယ်လွယ်နဲ့ တက္ကသိုလ်တခု ရလာခဲ့တာတော့ မဟုတ်ဘူး ဆိုတာ သိစေချင်လို့ ရေးပြနေတာပါ။ ဒီလိုနဲ့ ၁၉၁၁ ခုနှစ်ထဲ ရောက်တော့ ဆာဂျွန်ဂျာဒင်းဟာ ဗြိတိသျှ ပါလီမန် အောက်လွှတ်တော်မှာ တက်ရောက်ပြီး မြန်မာနိုင်ငံအတွက် တက္ကသိုလ်တခု ဖွင့်လှစ်ပေးရန် ရှိ၊ မရှိကို မေးခွန်းမေးပြီး ပေးသင့်ကြောင်း တိုက်ရိုက်တင်ပြခဲ့တယ်။ ဒီတော့မှ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်ကြီး “မွန်တေဂူ”က “မကြာမီ တက္ကသိုလ်ကြီးတခု တည်ထောင်ပေးမယ်”လို့ ဖြေကြားခဲ့တယ်။ ဒီတော့မှ ဆာဂျွန်ဂျာဒင်းဟာ မြန်မာပြည် ပြန်လာပြီး တက္ကသိုလ်ဥပဒေကြမ်း ရေးဆွဲပြီး ဆင်ဒီကိတ်ရဲ့ ထောက်ခံချက်နဲ့ မြန်မာအစိုးရက အိန္ဒိယအစိုးရထံ စာတင်ခဲ့တယ်။ ဒါတောင် ၁၉၁၃ ခုနှစ်ထဲရောက်မှ အိန္ဒိယအစိုးရက အိန္ဒိယရှိ ပြည်နယ်အသီးသီး၌ သီးခြားတက္ကသိုလ်တခုစီ ရှိရန် လိုအပ်ကြောင်းဆိုပြီး ပြဋ္ဌာန်းချက် ထုတ်ပြန်လို့ အင်္ဂလန်အစိုးရက တက္ကသိုလ်တည်ဆောက်ရေးအတွက် ငွေ ၈ သိန်း ထုတ်ပေးမယ်လို့ ကြေညာလိုက်တယ်။ ၁၈၈၀ ကတည်းက ဆာဂျွန်ဂျာဒင်းရဲ့ မြန်မာနိုင်ငံ တက္ကသိုလ်တခုရ ရှိရေး ကြိုးပမ်းမှုဟာ ၁၉၁၃ ခုနှစ်မှ အောင်မြင်လာခဲ့တာ။ မြန်မာပြည်တက္ကသိုလ်တခု ဖြစ်မြောက်ရေးကို မြန်မာများသာမက အင်္ဂလိပ်တို့ကိုယ်တိုင်လည်း သူတို့ သားသမီးတွေအတွက် ကြိုးစားခဲ့ကြဟန်ပါပဲ။ အဲဒီထဲမှာ ဆာဂျွန်ဂျာဒင်းဟာ အခြားသူတွေထက် ပိုပြီး အစဉ်မပျက် တလျှောက်လုံး နှစ်ပေါင်း ၃၃ နှစ်ကြာ ကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်တက္ကသိုလ်တခု ပေါ်ပေါက်ရေးအတွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင်ခဲ့တဲ့ ဆာဂျွန်ဂျာဒင်းအကြောင်း တခုတ်တရ ဖော်ပြလိုက်ပါတယ်။ ဆရာဋ္ဌေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up