လယ်ယာမြေပေါ် အသေးစားရွှေတူးဖော်ခွင့် လျှောက်ထားသည့်ကုမ္ပဏီများကို ကန့်ကွက်
DVB
·
October 30, 2019
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲမှာ ပုံစံ ၇ နဲ့ ပုံစံ ၁၀၅ ရရှိထားတဲ့ လယ်ယာမြေတွေမှာ အသေးစားရွှေ သတ္တုတူးဖော်ရေး လုပ်ပိုင်ခွင့်ရှိဖို့ လျှောက်ထားတဲ့ ကုမ္ပဏီတွေကို ဒေသခံတောင်သူတွေ ကန့်ကွက်နေကြပါတယ်။
ဗန်းမောက်မြို့နယ်ထဲက မံအင်မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာတွေရှိ စိုက်ပျိုးလယ်ယာမြေတွေမှာ ရွှေတူးဖော်ခွင့်ရဖို့ ကုမ္ပဏီ သုံးခုက လျှောက်ထားတာ ဖြစ်ပါတယ်။
“ကုမ္ပဏီကဆွဲတဲ့ ဧက ၂၀ ထဲမှာ လယ်ယာမြေ ၆ ဧကပါတယ်လို့ လယ်ရှင်က လာအကြောင်းကြားလို့ ကန့်ကွက်တာဖြစ်တယ်”လို့ မင်းကုန်းကျေးရွာ တာဝန်ခံ ရာအိမ်မှူး ဦးလင်းမောင်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနဲ့ သဘာဝသယံဇာတဝန်ကြီးဆီကို ကန့်ကွက်စာပို့ထားတယ်လို့ မံအင်မင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကပြောပါတယ်။
ဗန်းမောက်မြို့နယ် မြေစာရင်းဌာနမှ ဒုဦးစီးဦးသန့်ဇင်ထွန်းကတော့ ရပ်ကျေးသဘောထား အတိုင်း လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်သွားမယ် လို့ပြောပါတယ်။ ဒေသခံလယ်ပိုင်ရှင်တွေက ကန့်ကွက်တာတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်ကလည်း ကုမ္ပဏီလုပ်ကွက်မြေနေရာကို လုပ်ကွက်စိစစ်ချထားရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဦးစီးမှူး၊ သတ္ထုတူးဖော်ရေး အမှတ် ၂ ဦးစီးမှူးနဲ့အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
သတင်း - မုန်းမုန်းမင်း