Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်မှ ဘာတွေရနိုင်သလဲ
DVB
·
October 30, 2019
ဂျပန်အစိုးရ၏ ဖိတ်ကြားမှုဖြင့် ဂျပန်ဧကရာဇ် နန်းတက်ပွဲသို့ တက်ရာက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၅ ရက်ကြာ ဂျပန်ခရီးစဉ်သည် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ယခုခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရလက်ထက်အတွင်း ဒေါ်အောင်ဆန်းစု ကြည်၏ ၃ ကြိမ်မြောက်ခရီးစဉ်ဖြစ်ပြီး အတိုင်ပင်ခံအတွက် ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် အကြိမ်ရေ အများဆုံး သွားရောက်ခဲ့သည့် နိုင်ငံအဖြစ် ရပ်တည်နေသည်။ ခရီးစဉ်အတွင်း တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာတွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအားတိုးမြှင့်ရေး၊ မြန်မာပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည် နယ်အရေး စသဖြင့် ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည်။ ထို့ပြင် ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) အကြီးအကဲနှင့်လည်းတွေ့ဆုံကာ မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ လုပ်ငန်းများတွင် ဂျပန်ကုမ္ပဏီများ လာရောက်ရင်းနှီး မြှုပ်နှံရေးအတွက် ဆွေးနွေးခဲ့သည်။ အောက်တိုဘာ ၂၁ ရက်၊ ဂျပန်နိုင်ငံတွင် ကျင်းပသော ဂျပန် - မြန်မာ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၇၀၀ ကျော် တက်ရောက်သည့် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအား ဖိတ်ခေါ်ခဲ့သည်။ "အလုပ်အကိုင်ဖန်တီးပေးနိုင်တဲ့၊ အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်မယ့်၊ တိုးတက်မှုတွေကို ဆက်လက် တည်တံ့စေနိုင်မယ့် အားလုံးအတွက် ကြွယ်ဝချမ်းသာမှုကို ဖြန့်ဝေခံစားပေးစေနိုင်မယ့် တာဝန်သိသော ရင်းနှီး မြှုပ်နှံမှုများကို ရှာဖွေလျက်ရှိပါတယ်။ မိမိတို့အနေနဲ့ အဆွေတော်တို့ရဲ့ ယုံကြည်မှုအပြည့်နဲ့ စိတ်အားထက်သန်စွာ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပါတယ်" ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသည့် ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခု ရှိနေပြီး ဘဏ်ခွဲများ (သို့မဟုတ်) လက်အောက်ခံဘဏ်ခွဲများကို ပိုမိုဝင်ရောက်လာရေးအတွက် ထပ်မံခွင့်ပြု သွားရန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ ကမ္ဘာကျော် ဂျပန်ကားကုမ္ပဏီများဖြစ်သည့် တိုယိုတာ၊ ဆူဇူကီးတို့သည်လည်း ရန်ကုန်တိုင်းအတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်ရင်းနှီး မြှုပ်နှံကာ နှစ်အလိုက် ကားအစီးရေ သိန်းချီကာ ထုတ်လုပ်သွားရန် ပြင်ဆင်နေကြပါသည်။ လက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအခြေအနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ပမာဏသည် အမေရိကန်ဒေါ်လာသန်းပေါင်း ၈၁၈၇၄ ဒသမ ၂၆၅ အထိ ရှိနေပြီး ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်းစုများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၂၁၃ ဒသမ ၄၆၄ ဖြင့် အဆင့် ၁၀ တွင် ရပ်တည်နေသည်။ ဂျပန်ရင်းနှီးမြှုပ်နှံသူအများစုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါ အထူး စီးပွားရေးဇုန်တွင် တည်ရှိနေကြသည်။ ၂၀၁၁ - ၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏများကို ဇယားပါအတိုင်း မြင်တွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်နောက်ပိုင်း ပမာဏ မည်မျှတိုးတက်နိုင်မလဲဆိုသည်က စောင့်ကြည်ချင်စရာ ဖြစ်နေပါသည်။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ကုန်သွယ်မှုကဏ္ဍတွင်တော့ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နှစ်စဉ်မြှင့်တက် နေသည်ကိုတွေ့ရပြီး ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့တင်သွင်းသည့် ပမာဏသည် ပိုမိုများပြားနေသည်သည်ကို တွေ့ရသည်။ ဂျပန်နိုင်ငံမှ မြန်မာကို ဘာတွေကူညီထားသလဲ မြန်မာနိုင်ငံသည် ပြည်ပကြွေးမြီပမာဏများစွာရှိနေသည့် နိုင်ငံဖြစ်သည်။ ထိုအထဲတွင် ဂျပန်နိုင်ငံသို့ ပေးရန်ရှိ နေသည့် ကြွေးမြီများလည်း အပါအဝင်ဖြစ်သည်။ လက်ရှိအစိုးရလက်ထက်တွင်လည်း ဘီလီယံနှင့် ချီသော ချေးငွေများ၊ ငွေကြေးအကူအညီများ၊ နည်းပညာအကူအညီများနှင့် ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များစွာကို ဂျပန်နိုင်ငံမှ ကူညီပေးလျက်ရှိနေသည်။ နောက်ဆုံးအနေဖြင့် ၂၀၁၉ ခုနှစ် မတ်လကုန်ပိုင်းတွင် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) နှင့် မြန်မာအစိုးရအကြား သဘောတူစာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်။ အဆိုပါစာချုပ်အရ ဂျပန်အစိုးရမှ မြန်မာအစိုးရသို့ ဂျပန်ယန်း ၁၁၇ ဘီလီယံကို စီမံကိန်း ၄ ခုအတွက် ထုတ်ချေးပေးမည်ဖြစ်သည်။ ၎င်း စီမံကိန်း ၄ ခုတွင် စိုက်ပျိုးရေးကဏ္ဍ၊ အသေးစားအလတ်စားလုပ်ငန်းများကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ရန်ကုန်-မန္တလေး မီးရထားလမ်းကဏ္ဍတို့ ပါဝင်နေသည်။ ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ ဂျပန်အစိုးရမှ မြန်မာအစိုးရသို့ ပေးအပ်ထားသော ချေးငွေ၊ ငွေကြေး အကူအညီ၊ နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို မြေပုံကို ထောက်၍လည်း လေ့လာကြည့်ရှုနိုင်ပါသည်။ http://datawrapper.dwcdn.net/prf6Z/2/ လက်ရှိ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၂၀၁၃ ခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး ဦးသိန်းစိန်အစိုးရနှင့် တွေ့ဆုံကာ ဂျပန်ယန်း ၅၀၄ ဘီလီယံ ကူညီပေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံထံမှ ရရန်ရှိသည့် ကြွေးမြီ ယန်း ၁၇၆ ဘီလီယံကို လျှော်ပေးကာ ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်လာခဲ့သည်။ ၂၀၁၇-၁၈ ဘဏ္ဍနှစ်ထုတ် အစိုးရ၏ ကြွေးမြီဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ပြည်ပကြွေးရှင်စာရင်းတွင် မြန်မာနိုင်ငံသို့ ချေးငွေပေးရန် နှစ်နိုင်ငံသဘောတူထားသော နိုင်ငံများအနက် ဂျပန်နိုင်ငံသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၈၉၁ သန်းဖြင့် ချေးငွေပမာဏအများဆုံးပေးရန် သဘောတူထားသော နိုင်ငံဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်ထိ မြန်မာအစိုးရများသည် အတိုးနှုန်းမြင့်သည်ဟု ဝေဖန်ခံရသော တရုတ်နိုင်ငံမှ ချေးငွေများကိုသာ ပိုမိုထုတ်ယူသုံးစွဲနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ၂၀၁၇-၁၈ ဘဏ္ဍနှစ်အထိ မြန်မာနိုင်ငံ၏ အကြီးဆုံးကြွေးရှင်သည် အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ ကျော် ဖြင့် တရုတ်နိုင်ငံမှ ရပ်တည်နေပြီး ဂျပန်နိုင်ငံကတော့ ဒုတိယမြောက် အကြီးဆုံးကြွေးရှင်ဖြစ်နေသည်။ သုံးသပ်ချက် လက်ရှိအထိတော့ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာမျက်နှာ စာ အပါအဝင် ကဏ္ဍများစွာတွင် ပူးပေါင်းပါဝင်လျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အဆိုပါနှစ်နိုင်ငံစလုံး ပါဝင်ပတ်သက်နေကြပြီး ဂျပန်နိုင်ငံသည် မြန်မာပြည်သူ အများစုနှင့် အနီးစပ်ဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်လုပ်ငန်းကဲ့သို့သော ကဏ္ဍများတွင် ပါဝင်ပတ်သက်နေသည်။ ဥပမာအားဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဆိုလျှင်လည်း MPT နှင့် ဂျပန်ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိအစိုးရလက်ထက်တွင်လည်း ဂျပန်-မြန်မာ နှစ်နိုင်ငံကူးလူးဆက်ဆံမှုများ ပိုမိုများပြားနေသည်ကို တွေ့ရ သည်။ အလုပ်အကိုင်အခွင့်အလမ်း ၃၀၀၀၀ ကျော်ခန့် ရရှိနေသည့် မြန်မာနိုင်ငံရှိ သီလဝါအထူး စီးပွားရေးဇုန် တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံသူများအနက် ဂျပန်ကုမ္ပဏီများသည် အများစုဖြစ်နေပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေးပုံစံရှိနေသလို အခြားနိုင်ငံများနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးအခြေအနေကို ထိန်းသိမ်းလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံက Nikkei Asia Review နှင့် တွေ့ဆုံမေးမြန်ရာတွင် ပြောဆိုခဲ့သည်။ "တခြားပုံစံမျိုး ရင်းနှီးမြှုပ်နှံတာမျိုး မြင်ချင်တယ်ဆိုရင်တော့ ဂျပန် စီးပွားရေးသမားတွေ မြန်မာလာပြီး ရင်းနှီးမြှုပ်နှံကြအောင် တွန်အားပေးပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ ထို့ကြောင့် လက်ရှိအစိုးရ၏ လက်ကျန်သက်တမ်းအတွင်း ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ မည်မျှ ဝင်ရောက်လာ နိုင်မလဲ ဆိုသည့် မေးခွန်းသည် စိတ်ဝင်စားစရာဖြစ်နေပါသည်။ လက်ရှိအချိန်ထိတော့ မြန်မာအစိုးရ ကိုယ်တိုင်က ယခု ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် မည်သည့်သဘောတူညီချက်နှင့် ကတိကဝတ်ကိုမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။ ယခုဆောင်းပါးပါ Visualization များအတွက် Phandeeyar မှ ပူးပေါင်းကူညီပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024