မြောက်ဦးတွင် မိုင်းပေါက်ကွဲ အရပ်သား ၁ ဦးသေ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ
DVB
·
October 30, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ကိုးသောင်းဘုရားပုထိုးအနီး ရွာဟောင်းတောကျေးရွာတံတား နားမှာ ဒီမနက် မိုင်းတလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ တာကြောင့် အရပ်သားတယောက် သေဆုံးခဲ့ပြီး တယောက်ပြင်းထန်ဒဏ်ရာရသွားတယ်လို့ မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဒီဗွီဘီကို ပြောပါတယ်။
အောက်တိုဘာ ၃၀ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က မြောက်ဦးရွာဟောင်း တော တံတားအနီး၊ ကိုးသောင်းဘုရား အကွေ့နားမှာ မိုင်းတလုံးပေါက်ကွဲမှုဖြစ်ပြီး ငါးရောင်းဖို့သွားတဲ့ အရပ်သားနှစ်ယောက်မှာတယောက်က သေဆုံးသွားပြီးလို့ မြောက်ဦးသွေးလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက ပြောပါတယ်။
“နှစ်ယောက်ဒဏ်ရာရတယ်။ တယောက်ကတော့ အခုလေးတင်ဆုံးသွားပြီးဗျ၊ မြောက်ဦး ဆေးရုံမှာ ဆုံးသွားတာပါ။ ငါးရောင်းဖို့ သွားတာပါ။ အရပ်သားတွေပါပဲ၊ မိုင်းပေါက်တာက ရွာဟောင်းတော့ မရောက်ခင် တံတားအနားမှာပေါက်တာ၊ ကိုသောင်းအကွေ့မှာ ပေါက်တာ ဖြစ်တယ်။”
မိုင်းထိမှန် သေဆုံးသူဟာ အသက် ၃၀ ဝန်ကျင်လောက်ရှိပြီး ဒဏ်ရာသူ တယောက်ကတော့ အသက်၂၀ ဝန်းကျင်လောက်ရှိပါတယ်။
မိုင်းထိမှန်ခဲ့သူတွေဟာ မြောက်ဦးမြို့နယ် အောင်တပ်ရွာဘက်ကဖြစ်ပြီး မိုင်းကွဲပြီး ဒဏ်ရာရပြီးချင်းမှာ သုံးဘီးကားနဲ့ မြောက်ဦးဆေးရုံကိုလိုက်ပို့ခဲ့ပေမယ့် ဆေးရုံမှာဘဲ ဒဏ်ရာပြင်းထန်တာကြောင့် တယောက်သေဆုံးသွားခဲ့တာပါ။
ဝဏ္ဏခွာညို