DVB Logo
Home
မြန်မာသတင်း
ဂူတာပြင်ရွာဖြစ်စဉ်အပေါ် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်နိုင်ရေး စတင်ဆောင်ရွက်နေ
DVB
·
October 30, 2019
ဂူတာပြင်ရွာဖြစ်စဉ်အပေါ် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်နိုင်ရေး စတင်ဆောင်ရွက်နေ
Donate to DVB

ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေမြှုပ်ထားတယ်လို့ သတင်းထွက်ခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ရွာဖြစ်စဉ်အပေါ် စစ်တရားရုံးနဲ့ စစ်ဆေးစီရင်နိုင်ရေးအတွက် စစ်ဘက်တရားစီရင်ရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်နေတယ် လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

လက်ရှိမှာ သက်သေခံအကျဉ်းချုပ် (Summary of Evidence) ရေးမှတ်ယူနေပြီး ဥပဒေအကြံပြုချက်တောင်းခံတာ၊ စစ်တရားရုံးဖွဲ့စည်းတာနဲ့ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်တာ တွေကို  လုပ်သွားမယ်လို့ ဆိုပါတယ်။

ဂူတာပြင်ရွာပတ်ဝန်းကျင်မှာ ရုပ်အလောင်းတွေ အစုလိုက်မြှုပ်ထားတယ်လို့ အေပီ သတင်းဌာနက ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီက ဖြစ်စဉ်တချို့ကြောင့် လုံခြုံရေးတာဝန်ရှိသူတွေကို စစ်စည်းကမ်းအရ အရေးယူရမယ့် အခြေအနေရှိနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လကုန်က ထုတ်ပြန်ထားခဲ့ပါတယ်။

တပ်မတော်နည်းဥပဒေတွေအရ ဖွဲ့စည်းခဲ့တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေကို ၂၀၁၉ ဇူလိုင် ၁၅ ရက်ကနေ သြဂုတ်လ ၅ ရက်အထိ ဒုတိယအကြိမ် သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးခဲ့တဲ့ နှစ်ကြိမ်အတွင်း တွေ့ရှိချက်တွေအရ ဂူတာပြင်ရွာ ဖြစ်စဉ်တချို့မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အားနည်းခဲ့တာကြောင့် စစ်စည်းကမ်းအရအရေးယူဖို့ အခြေအနေ ပေါ်ပေါက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်တရားရုံး (Court- Martial)နဲ့ ဆက်လက်စစ်ဆေးနိုင်ဖို့ စစ်ဘက်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လုပ်သွားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးအနေနဲ့ ကျန်တဲ့ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်သွားမယ်လို့လည်း ထုတ်ပြန်ထားခဲ့ပါတယ်။

ရွာပတ်ဝန်းကျင် နေရာ ၅ ခုမှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေကို မြှုပ်နှံထားတယ်လို့ အေပီ သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်မှာ သတင်းဖော်ပြအပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက အဲဒီသတင်းဟာ မဟုတ်မှန်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ သြဂုတ် ၂၈ ရက်က အဲဒီရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့  အာဆာတို့ တိုက်ခိုက်ခဲ့ကြပြီး အာဆာဘက်က ၁၉ ယောက် သေဆုံးခဲ့လို့ စနစ်တကျ မြှုပ်နှံခဲ့တယ်လို့ပဲ ထုတ်ပြန်ခဲ့ပေမယ့် ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာ အစီရင်ခံစာတွေ ထွက်လာပြီး နောက်မှာတော့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးဖို့ စတင်ခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အာဆာ အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်ပြီး တပ်မတော်က ဆောင်ရွက်ခဲ့တဲ့ အစီရင်ခံစာတွေအပေါ် ထပ်ပြီး စိစစ်ဖို့အတွက် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး ၂၀၁၉ မတ် ၁၈ မှာ စတင် စစ်ဆေးမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခု ထုတ်ပြန်ချက်မှာတော့ တပ်မတော်အက်ဥပဒေ (The Defence Services Act)၊ တပ်မတော် နည်းဥပဒေတွေ (The Defence Services Rules) နဲ့အညီ ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ဂူတာပြင်ကျေးရွာဖြစ်စဉ်တချို့မှာ စစ်တရားရုံးနဲ့ စစ်ဆေးစီရင်သင့်တယ်လို့ စုံစမ်းစစ်ဆေးရေးခုံရုံးက ထင်မြင် ယူဆချက်ပေးခဲ့တာ ရှိတယ်လို့ ဆိုပါတယ်။  

စုံစမ်းစစ်ဆေးရေးခုံရုံးအနေနဲ့လည်း လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေကို ဆက်ပြီး လုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်တချို့ကြောင့် တပ်မတော်အရာရှိတွေ အပါအဝင် တပ်သားတွေကို အရေးယူ ထောင်ချခဲ့တာတွေလည်း ရှိခဲ့ပြီး သူတို့ဟာ ထောင်ကျပြီး မကြာခင်မှာပဲ ပြန်လွတ်ခဲ့တာတွေလည်း ရှိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013