ရှမ်းပြည်နယ် ရွာငံတွင် ဘုရားဖူးကား ချောက်ထဲထိုးကျ အနည်းဆုံး ၁၅ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ
နန်းမြနဒီ
·
October 29, 2019
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်ထဲမှာ မနေ့ညက ဘုရားဖူးယာဉ်တစီး ပေပေါင်း၂၀၀၀ ကျော်ရှိတဲ့ချောက်ထဲကို ထိုးကျသွားတဲ့အတွက် ကလေးတွေအပါအဝင် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရသွားပါတယ်။
မြို့ကြီးနဲ့ ရွာငံကြား ယုန်တောင်ကျေးရွာနားမှာ ကားမှောက်တဲ့အကြောင်း မနေ့ ည ၁၁ နာရီလောက်က သိရှိရပြီး သွားရောက်ကူညီခဲ့ကြောင်း၊ မော်တော်ကားမှာ တောင်ပေါ်ကနေ အနက်ပေပေါင်း ၂၀၀၀ လောက်ရှိတဲ့ ချောက်ထဲကိုထိုးကျသွားလို့ သေဆုံးဒဏ်ရာရသူတွေကို အပေါ်သို့ ခက်ခဲစွာ ဆွဲတင်ခေါ်ဆောင်နေရတယ်လို့ ကျောက်ဆည်မြို့ သုခဥယျာဉ် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဖိုးချစ်က ဒီဗွီဘီကို ပြောပါတယ်။
“ယာဉ်တိမ်းမှောက်တာတော့ မနေ့ညနေ ၆ နာရီကျော်လောက်ကတည်းကဖြစ်ပြီး ကျနော်တို့ သိရတဲ့အချိန်က ည ၁၁ နာရီကျော်ပါပြီခင်ဗျ။ ကားက လိုက်ထရပ်အမျိုးအစားပါ၊ တောင်ပေါ်ကနေ ပေပေါင်း ၂၀၀၀ လောက်နက်တဲ့ ချောက်ထဲထိုးကျသွားတာ။ သေဆုံးဒဏ်ရာရသူတွေကို ပရဟိတ ကယ်ဆယ်ရေးအဖွဲ့တွေပေါင်းပြီး အမှောင်ထဲမှာ အတော်ခက်ခက်ခဲခဲကြိုးတွေနဲ့ အပေါ်ဆွဲတင် နေတာ ဒီမနက် ၁၁ နာရီလောက်ထိ စုစုပေါင်း အလောင်း ၁၅ လောင်း ဒဏ်ရာရသူ ၇ ဦးရှိပါတယ်။ ၈ နှစ်ရွယ် ယောကျ်ားလေး ၂ ယောက်ရယ်၊ ၅ နှစ်ရွယ် မိန်းကလေး ၁ ယောက်ရယ် ပွဲချင်းပြီး သေတယ်။ အခုဆက်ရှာနေတုန်းဘဲ။”
ယာဉ်မတော်တဆတိမ်းမှောက်ရတဲ့ အကြောင်းအရင်းကိုလည်း မသိရကြောင်း၊ ယာဉ်မောင်း ဖြစ်သူကတော့ ကားပေါ်ကခုန်ချသွားပြီး ရှာလို့မတွေ့သေးဘူးလို့ ဆိုပါတယ်။
အဆိုပါဘုရားဖူးယာဉ်ဟာ စစ်ကိုင်းတိုင်း ရွှေတောင်မြို့ ခွန်တောင်းကြီးရွာကဖြစ်ပြီး သံဃာတော် ၁ ပါးဦးဆောင်ကာ ရှမ်းပြည်ကို ဘုရားဖူးလာရာ အပြန်ခရီးမှာ အခုလို မတော်တဆ ထိခိုက်မှုဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။