Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်တွင် သီးနှံဖျက်ပိုးကျပြီး စပါးစိုက်ဧက ၅၀၀ ကျော် ပျက်စီး
DVB
·
October 29, 2019
Farmer
75348923_2209320486027314_8099246265038012416_o
75242296_2209319989360697_7112427045736415232_n
73110396_2209320059360690_4837230367641436160_o
72890292_2209320149360681_7002326345082470400_o
72623280_2209320102694019_3051235030111092736_n
ပဲခူးတိုင်းဒေသ​ကြီး၊ ညောင်လေးပင်​မြို့နယ်၊ စည်ပင်​ကျေးရွာမှာ သီးနှံဖျက်ပိုးတွေ ကျတာကြောင့် စပါး စိုက်ဧက ၅၀၀ ကျော်ပျက်စီးခဲ့ရ​ပြီး ကျပ်သန်းထောင်ချီ ဆုံးရှုံးနစ်နာနေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။ သီးနှံဖျက်ပိုး​​ကြောင့် ​တောင်သူ ၂၉ ဦးရဲ့ စပါးစိုက်ဧက ၅၀၀ ​ကျော်ဆုံးရှုံးခဲ့ရ​ပြီး ပျက်စီးမှု​ကြောင့် ကာလတန်ဖိုး​​ငွေ ကျပ်သိန်း ၂၀၀၀ ကျော်ဆုံးရှုံးနစ်နာခဲ့ရတာပါ။ အောက်တိုဘာ ၂၄ ရက်​နေ့ကတည်းက ​ပြွန်တန်ဆာ​မြို့ စည်ပင်ကျေးရွာက ၁၄၆၉  ကွင်းမှာ သီးနှံဖျက်ပိုးကျ​ရောက်ခဲ့တာ​ဖြစ်ပါတယ်။ အဆိုပါကွင်းဟာ ရေကြီးမှုဒဏ်မခံရပါက တဧကကိုစပါး တင်း ၁၀၀ လောက်ထွက်ရှိပြီး ဒီနှစ်မှာ ရေ​ကြီးမှုဒဏ်မခံရဘဲ စပါးအထွက်နှုန်း​ကောင်း​တဲ့ အချိန်မှာ ပိုး ဖျက်ဆီးခံလိုက်ရတာ​​ကြောင့် ဆုံးရှုံးနစ်နာမှု​တွေများခဲ့တာလို့ ​တောင်သူ ဦးနိုင်ဝင်း က​​ပြောပါတယ်။ "​ဒီနှစ်မှာ တဧကကို တင်းကိုးဆယ်တစ်ရာ​လောက်ထွက်မယ်လို့ မှန်းထား​ကြတာ၊ ရိတ်သိမ်းဖို့ရာလည်း တပတ်ဆယ်ရက်ပဲ လို​တော့တယ်။ ဒီလိုအချိန်မှာ ဧကငါးရာ​​ကျော်ကို လာကိုက်ဖဲ့ ဖျက်ဆီးသွားတာပဲ။" စည်ပင်​​ကျေးရွာမှာ အရင်နှစ်တွေက စပါးဖျက်ပိုး ကျ​ရောက်တာမျိုး မရှိခဲ့​​ပေမယ့် ဒီနှစ်မှာ ထူး​ခြားစွာစပါးဖျက်ပိုး ကျ​ရောက်​​တာ​ကို ကြုံ​တွေ့ခဲ့ရတာ​ဖြစ်​ပြီး ရိတ်သိမ်းဖို့ ရက်ပိုင်းအလိုမှာ စပါးခင်း​တွေ ဖျက်ဆီးခံလိုက်ရတာ​လို့ ​တောင်သူ ဦးသိန်းထွန်းက ​ပြောပါတယ်။ သီးနှံဖျက်ပိုးဟာ င​​မြောင်​တောင်ပိုးနဲ့ဆင်တူ​ပြီး င​မြောင်​တောင်ပိုးလို အရေခွံမ​ပျော့ဘဲ မာတာ​ကြောင့် ပိုးသတ်ဆေး​ဖြန်းပေမယ့် ​သေဆုံးတာမရှိဘဲ ဝင်းမှည့်​နေတဲ့ စပါးကိုသာ​ရွေးချယ် ကိုက်ဖျက်စား​သောက်တတ်တာကြောင့်  တကွင်းလုံးဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။ "ဒီပိုးက စပါးစိမ်း​​နေရင်မစားဘူး။ ဝင်းမှည့်မှစားတာ၊ တကွင်းလုံးကို နှစ်ရက်​လောက်နဲ့ အ​ပြတ် စားလိုက်တဲ့သဘောပဲ၊ သိသိချင်းကို ကုန်တာ။ ညဘက်သွားကြည့်​တော့ စပါးခင်းထဲ တိုးတောင် မတိုးရဲဘူး။ ကျနော်ရဲ့ ဧက​​ခြောက်ဆယ်တကွင်းလုံးမှာ ပိုး​ကောင်တွေ​ချည်းပဲ​၊ ဆေး​ဖြန်း လည်း မရဘူး။ မျိုးဖိုး​​လေး ကျေမလားဆို​ပြီး မနက်ရသ​လောက်ရိတ်မလို့​ ပြန်သွား​ကြည့်​တော့ အကုန်ဖျက်ဆီးခံလိုက်ရတာပဲ။" ပိုးကျတဲ့ရွာတွေကို စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးနေပြီး စပါးဖျက်ပိုးမကျ​ရောက်နိုင်အောင် ပိုးသတ်ဆေး​ဖြန်း​ပေးတာ၊ ပိုးသတ်​ဆေးအခမဲ့​​ပေး​​ဝေတာ အသိပညာပေးတာတွေ​ ပြုလုပ်ပေးနေပါတယ်။ လက်ရှိမှာ သီးနှံဖျက်ပိုးဟာ ​​လျှော့နည်းသွား​ခြင်းမရှိဘဲ ပျက်စီးမှုတွေဆက်ရှိနေပြီး ထပ်မံ ဆုံးရှုံးမှာကို ​ဒေသခံ​တောင်သူ​တွေ စိုးရိမ်နေကြပါတယ်။ သတင်း၊ ဓာတ်ပုံ - ​နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024