DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုဌာနချုပ်လိုင်ဇာအနီး အစိုးရတပ် တိုက်ခိုက်မှု အရှိန်မြှင့်
DVB
·
January 16, 2013
Donate to DVB

ကချင်ပြည်နယ် ကေအိုင်အိုဗဟိုဌာနချုပ် အပြင်စည်းဘက်က  တပ်မဟာ ၅ လက်အောက်ခံ ကေအိုင်အေ ရှေ့တန်းမှာ မနေ့ကရော ဒီကနေ့မှာပါ တိုက်ပွဲတွေ အရှိန်မြင့်နေပြီး အစိုးရတပ်ဘက်က မြေပြင်ကရော လေကြောင်းကနေပါ တိုက်ခိုက်နေတယ်လို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။

“ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွှန်ကြားမှုအောက်မှာ ကြည်းတပ်ရယ် လေတပ်ရယ် ပေါင်းပြီး စစ်ဆင်ရေးလုပ်နေကြတယ်။ ဗုံးကြဲတယ်၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တယ်။ ၃၀ မမ မရှင်းဂန်းနဲ့ ပစ်တာမျိုး လုပ်တယ်။ ခါရာဘွန်မှာ မနက်ကလည်း တိုက်ပွဲပြင်းတယ်။ ခုနက ၂ နာရီမှာ ၁ ကြိမ်။ ၂ နာရီခွဲမှာ ၁ ကြိမ် လေယာဉ်နဲ့ ဗုံးလာကြဲနေတယ်။ အခုလည်း ပစ်ခတ်နေတုန်းပဲ။”

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဘက်ကလည်း လေယာဉ်တွေကို  တောင်ကုန်းပေါ်ကနေ ပစ်ခတ် ကာကွယ်တာရှိသလို  မြေပြင်မှာလည်း ကတုတ်ကျင်းတွေထဲကနေ ခုခံပြန်တိုက်တာတွေ လုပ်နေတယ်လို့ ဦးလနန်က ဆက်ပြောပါတယ်။

ဇန်န၀ါရီ ၁၃ ရက်နေ့ကတော့ လိုင်ဇာအပြင်ဘက်က ခါယာရွာနဲ့ အောင်သာကျေးရွာတွေကို အစိုးရတပ်ဘက်က မီးရှို့ဖျက်ဆီးခဲ့တယ်၊ လူမနေတဲ့ အိမ်ပေါင်း ၆၀ ကျော် မီးလောင်ခဲ့ပြီး အဲဒီက ရွာသားတွေကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက ရှောင်တိမ်းခဲ့ပြီး ဖြစ်တယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။

ကေအိုင်အေဌာနချုပ်လိုင်ဇာအနီး တိုက်ပွဲတွေပြင်းထန်နေသလို ဖားကန့်မြို့နယ် လုံးခင်း ဘက်မှာလည်း မနေ့ ညနဲ့ ဒီနေ့မှာပါ ပစ်ခတ်သံတွေ ကြားရတဲ့အတွက် ဒီမနက်က ရွာသားတွေ ရာနဲ့ချီပြီး နောက်ထပ် စစ်ရှောင်လာတယ်လို့ လုံးခင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၃ မိနစ်ကျော်ကျော်လောက်ကပဲ ရဟတ်ယာဉ် ၁ စင်း ၀ဲပျံနေပါတယ်။ ဝေ့၀ိုက်ပြီးတော့ ၁၀ မိနစ်ကျော်ကျော်လောက်ရှိမယ်။ ပျံပြီး ပြန်ထွက်သွားတယ်။ ကံဆီးဒေသက စစ်ရှောင်ဒုက္ခသည် ရာနဲ့ချီပြီး လုံးခင်းဘက်ဆင်းလာတယ်။ သူတို့ပြောပြချက်အရ တပ်မတော်စစ်ကြောင်းတွေက ကန်ဆီးနဲ့ ၄ မိုင်ကျော်လောက်ကို ရောက်လာပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ကြားရတယ်တဲ့။ တပ်မတော်စစ်ကြောင်းတွေ တအားနီးကပ်လာတော့ သူတို့မနေရဲတော့လို့ ပြီးခဲ့တဲ့ ၂ နာရီဝန်းကျင်လောက်ကပဲ စစ်ရှောင်ဒုက္ခသည်အများကြီး ဆင်းလာကြတာ။”

ခု ၁ ပတ်အတွင်း လုံးခင်းဒေသထဲ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်  ကုဋေမော်၊ မားဆာ၊ ကထန်၊ ဆန်ခါ၊ မဆွတ်ယန်၊ ဆိုင်လာရွာသစ်နဲ့ ကံဆီး စတဲ့ရွာက ရွာသားပေါင်း ၁ ထောင်ကျော်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့ကတည်းက လုံးခင်းရွာကြီးဆီ ခေတ္တတိမ်းရှောင်လာတဲ့အတွက် ယာယီကယ်ဆယ်ရေးစခန်း ၈ ခု၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ဖွင့်လှစ်လက်ခံထားရတယ်လို့ ဦးတင်စိုးက ပြောပါတယ်။

ကချင်ဒေသမှာ စစ်ပွဲတွေ နှစ်ဘက်စလုံးကရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ အီးယူ အပါအ၀င် ပြည်တွင်းနဲ့ ပြည်ပက အဖွဲ့အစည်းတွေက တောင်းဆိုနေတာပါ။

တိုက်ပွဲတွေ အဆုံးသတ်ဖို့ ကေအိုင်အေအနေနဲ့  နိုင်ငံရေးဆွေးနွေးဖို့ အမြဲ အသင့်ရှိပေမယ့်လည်း အစိုးရတပ်က ထိုးစစ်ဆင်နေသရွေ့တော့ ဆွေးနွေးပွဲလုပ်ဖို့ အခက်အခဲရှိကြောင်း၊ အစိုးရတပ်ဘက်က ကေအိုင်အိုထိန်းချုပ်နယ်မြေထဲ ၀င်ရောက်ဖြည့်တင်းထားတဲ့ တပ်မတွေနဲ့ လေတပ်တွေ အရင်ဆုတ်ခွာပေးပြီးတိုက်ပွဲအရှိန် လျှော့လိုက်မယ်ဆိုရင် ဆွေးနွေးပွဲပြုလုပ်နိုင်မယ်လို့ ကေအိုင်အေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013