ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၇ ထောင်ကျော်ဖိုး ဖမ်းမိ

1.1K
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းက ကျောက်ဂူတခုအတွင်းမှာ မြန်မာကျပ်ငွေ သိန်း ၇ ထောင်ကျော်လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၂ ၇က်နေ့က ပင်လောင်းမြို့နယ် စင်းတောင်ကျေးရွာအုပ်စု ထီတလိကျေးရွာအနီးက ကျောက်ဂူလျှိုတခုအတွင်း ဘိန်းချက်လုပ်နေကြောင်း သတင်းရတဲ့အတွက် တောင်ကြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေနဲ့ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး သွားရောက်ရှာဖွေဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ကာလတန်ဖိုး မြန်မာကျပ်ငွေ သိန်း ၅၉၂၈ သိန်းရှိ ဘိန်းစိမ်း ၉၁၂ ကီလို၊ ငွေကျပ်သိန်း ၁၄၂၀ ဖိုးရှိတဲ့ ဘိန်းညိုခဲ ၁၄ ကီလိုကျော်နဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ဓာတုဗေဒပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
ပင်လောင်းမြို့နယ် ရဲစခန်းမှူး ဦးတင်မောင်လေးက ဒီဒေသမှာ မူးယစ်ဆေးဝါးတွေ ခုလို ဖမ်းဆီးမိတဲ့ ပမာဏဟာ ၁၀ နှစ်အတွင်း အများဆုံး ပမာဏဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒေသခံပြည်သူတွေရဲ့ သတင်းပေးချက်အရ ရဲတပ်ဖွဲ့က အရာရှိ ၃ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တွေအပါအ၀င် အင်အား ၁၅ ယောက်လောက်နဲ့ မူးယစ်ဆေးဝါးတွေ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဆိုပါ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လို့  လူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေဆဲပဲလို့ ပင်လောင်းရဲစခန်းက ပြောပါတယ်။