ချင်းမိုင်တွင် ရွှေ့ပြောင်းလုပ်သားမိသားစု အသတ်ခံရမှု သံသယရှိသူကို ထိုင်းရဲထုတ်ဖော်
DVB
·
October 25, 2019
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား မိသားစု ၃ ယောက်လုံး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူသတ်မှု သံသယအရှိဆုံးသူကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မျက်မြင်သက်သေန့် စီစီကင်မရာမှတ်တမ်းတွေအရ လူသတ်မှု သံသယအရှိဆုံးသူမှာ အခြားသူမဟုတ်ဘဲ သေဆုံးသူ စိုင်းကျန်တ ရဲ့ ညီအရင်းဖြစ်သူ စိုင်းထမ်မ (၃၆ နှစ်) ဖြစ်တယ်လို့ ဆိုပါတယ်။
လုပ်ဖော်ကိုင်ဘက် ခြံအလုပ်သမားတွေရဲ့ပြောပြချက်အရ စိုင်းထမ်မဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သေသူတွေနဲ့အတူ နောက်ဆုံးရှိနေတဲ့သူဖြစ်ကြောင်း၊ မိသားစုဝင် ၃ ဦးကို လုပ်ဖော်ကိုင်ဘက်တွေက တနင်္ဂနွေနေ့ကတည်းက မတွေ့ရတော့ဘဲ အင်္ဂါနေ့ မနက်မှာမှ အလောင်းအဖြစ် ပြန်တွေ့ရကြောင်း၊ အဲဒီနောက် မြန်မာနယ်စပ် အနုရို ထိုင်း ကျေးရွာက စီစီကင်မရာထဲမှာ စိုင်းထမ်မကို တွေ့ရပြီး မြန်မာပြည်ထဲ ထွက်ပြေးသွားပြီလို့ ယူဆရတဲ့အတွက် သူ့ကိုစစ်ဆေးမေးမြန်းဖို့ မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ထားတယ်လို့ ချင်းဒေါင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဝိနိချိုင် ဖိနစ်ချတ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ခြံပိုင်ရှင်/အလုပ်ရှင် နိုင်းဥဒုမ်းက သေဆုံးသူတွေမှာ အလုပ်ကြိုးစားပြီး စုဆောင်းထားတဲ့ ရွှေဆွဲကြိုး၊ လက်စွပ်တွေအပြင် မကြာသေးခင်မှ ခြံထွက်နှမ်းတွေရောင်းထားတာ ဘတ်ငွေ ၁ သောင်းကျော်ရှိကြောင်း၊ လူသတ်သမားဟာ သူတို့ဆီမှာ ရွှေငွေတွေရှိတယ်လို့ သိထားတဲ့ အတွင်းလူသာဖြစ်နိုင်တယ်လို့ ယူဆပြောဆိုပါတယ်။
သေဆုံးသူနဲ့ တူသားတော်စပ်သူ စိုင်းမောင်ကတော့ စိုင်းထမ်မ နဲ့ စိုင်းကျန်တတို့ ညီအကိုဟာ တခါတရံငြင်းခုံတာရှိပေမယ့် ရန်တော့ တခါမှမဖြစ်ဖူးကြောင်း၊ စိုင်းထမ်မမှာလည်း အလုပ်အကိုင်ရှိပြီး သဘောကောင်းသူဖြစ်လို့ သူသတ်တာ မဖြစ်နိုင်ကြောင်း၊ လူ ၃ ယောက်လုံး အသတ်ခံရတာ လူသတ်သမားဟာ ဘယ်လိုနည်းနဲ့မှ တယောက်တည်းမဖြစ်နိုင်ဘဲ တယောက်ထက်ပိုနိုင်ကြောင်း၊ ဘယ်သူလို့ ထင်သလဲဆိုတာတော့ ပြောရခက်ပြီး ရဲတွေက သက်သေနဲ့ ပြောပြမှသာ သိနိုင်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် သေဆုံးသူတွေနဲ့ ဆွေမျိုးတော်စပ်တဲ့ နန်းအောင်ကလည်း စိုင်းထမ်မဟာ လူကောင်းဖြစ်ပြီး အဲဒီလောက်ရက်စက်မယ်လို့ မထင်ကြောင်း၊ ညီအကိုချင်းလည်း သတ်ကြမှာ မဟုတ်ကြောင်း၊ တခြားသူက သတ်သွားတာပဲဖြစ်နိုင်တယ်လို့ သတင်းထောက်ကို ပြောပါတယ်။
ချင်းဒေါင်းရဲတပ်ဖွဲ့ကတော့ ဒီလူသတ်မှုဟာ အလွန်ရက်စက်ပြီး နယ်မြေရှိပြည်သူတွေရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်တဲ့အတွက် တရားခံကို အမြန်ဆုံးဖမ်းဆီးရမိပြီး အမှုပိတ်သိမ်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
သေဆုံးသူတွေအတွက် ထိုင်းအစိုးရထံမှ ကရုဏာကြေးရဖို့ ဆောင်ရွက်ပေးနေသူ ချင်းမိုင်အခြစိုက် လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ စိုင်းပိုင်းကတော့ ထိုင်းရဲတွေအနေနဲ့ အမှုကို အလျင်စလို ပိတ်သိမ်းနိုင်ဖို့ ခိုင်လုံတဲ့သက်သေမရှိဘဲ လူမှားပြီ ဖမ်းဆီးအရေးယူလိုက်မှာကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ ဒီဗွီဘီကို ပြောသွားပါတယ်။
သေဆုံးသူ မိသားစုဝင် ၃ ယောက်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် လွယ်ယွဲကျေးရွာကဖြစ်ပြီး ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ် မယ်နအုပ်စုထဲက သစ်သီးခြံတခြံမှာ ခြံစောင့်လာလုပ်နေတာပါ။
သူတို့ ၃ ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ကတည်းက ပျောက်ဆုံးနေတာဖြစ်ပြီး ၂၂ ရက်ရက်နေ့မနက်မှာတော့ သူတို့တဲအိမ်ထဲမှာပဲ ဓားဒဏ်ရာ၊ ထုနှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို အလုပ်ရှင်ကတွေ့လို့ ရဲကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။
သူတို့အသုဘကို ချင်းမိုင်မြို့ ဝပ်ကူတောက်ဘုန်းကြီးကျောင်းမှာ ထားရှိပြီး လာမယ့် အောက်တိုဘာ ၂၆ ရက် စနေနေ့မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
ကိုးကား - ထိုင်းရတ်တီဗွီသတင်း