Home
မြန်မာသတင်း
စပါးဖြုတ်ပိုးများကြောင့် ဝက်လက်မြို့နယ်တွင်  မိုးစပါးစိုက်တောင်သူများ ဆုံးရှုံးနစ်နာနေ
DVB
·
October 25, 2019
74883018_719493921860330_5047319835386576896_o
74611501_719494361860286_4770122585973194752_o
74165401_719494975193558_6235176792957648896_o
73325425_719494581860264_7871320442357678080_o
72766853_719494098526979_1696297874721079296_o
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက မိုးစပါးစိုက်တောင်သူတွေဟာ စပါးနှံထွက်ခါနီး ဖြုတ်ပိုးတွေကျရောက်နေတဲ့အတွက် ဆုံးရှုံးနစ်နာနေတယ်လို့ ဒေသခံ တောင်သူလယ်သမားတွေက ပြောပါတယ်။ ပင်း‌ဇင်းကျေးရွာတောင်သူတဦးက “ဒီပိုးက မြန်တယ်ဗျ။ ကျနော့်လယ်ဆိုရင် ၃ ရက် ၄ ရက်နဲ့ တဧကလောက် အကုန်ဝါကြောင်သွားတာ ဆေးတွေဖြန်းလည်း မရတော့ဘူး” လို့ ပြောပါတယ်။။ မြို့နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း ဖြုတ်ပိုးကျရောက်မှု များပြားနေတဲ့အတွက် စိုက်ပျိုးရေးဌာနအနေနဲ့ ကွင်းဆင်းစစ်ဆေးခဲ့သလို နည်းပညာမျှဝေတာတွေ အရေးပေါ်ပြုလုပ် ပေးနေရပါတယ်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့မကွင်းတာဝန်ခံ ဒေါ်ခင်မျိုးလတ်က “ကျမတို့ မြို့မ ကွင်းဆိုရင် ဧက ၂၀၀၀၀ ကျော်ရှိတယ်။ ဖြုတ်ပိုးကျလို့ ဖုန်းဆက်ပြီး အကြောင်းကြားတာကလည်း ဒီရက်ပိုင်းမှာ ရွာတွေတော်တော်များတယ်။ အကြောင်းကြားတဲ့ ရွာတိုင်းကိုသွားပြီး ကွင်းဆင်း စစ်‌ဆေးတာ တွေ နည်းပညာပေးတာတွေ နေ့စဉ်လုပ်နေရတယ်”လို့ ပြောပါတယ်။ အခုလို မြန်မြန်ဆန်ဆန်ပြန့်နှံ့လွယ်တဲ့ဖြုတ်ပိုးကြောင့် လယ်သမားတွေဟာ စိုးရိမ်မှု‌တွေ မြင့်တက်ပြီး၊ အရည်အသွေးကောင်းမွန်တဲ့စိုက်ပျိုးရေးဆေးတွေ သုံးစွဲနိုင်အောင် နိုင်ငံတော်အနေနဲ့ ကြပ်ကြပ်မတ်မတ် ထုတ်လုပ်ဖြန့်ဖြူးပြီး ရောင်းချသင့်တယ်လို့ လယ်သမား ပြောပါတယ်။ လယ်သမားဦးဝင်း‌မောင်က “ကျနော်တို့ လယ်သမားတွေအနေနဲ့ အရည်အသွေးကောင်းတဲ့ ပိုးသတ်ဆေးအရည်အသွေး ကောင်းတဲ့မြေဆီရှိဖို့ လိုအပ်နေပါပြီ။ အခုဟာက စိုက်ပျိုးရေး ဆေးဆိုင်တွေက ညွှန်တဲ့ဆေး ဝယ်သုံးကြတယ်။ ကောင်းတယ် မကောင်းဘူးမသိဘူး။ ဆေးဆိုင် တွေနဲ့ တိုင်ပင်ပြီးအလုပ် လုပ်နေကြတော့ နည်းလမ်းလွဲတာတွေလည်း ပါနိုင်တယ်။ ဖြစ်စေချင် တာကတော့ နိုင်ငံတော်အနေနဲ့ အာမခံနဲ့ရောင်ချပေးတဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ လိုအပ်နေတယ်”လို့ ပြောပါတယ်။။ ပိုးကျလို့ပျက်စီးတဲ့စာရင်း အတိအကျမသိရှိရသေးပေမယ့် ဖြုတ်ပိုးကျလို့ ဆက်သွယ်အကြောင်းကြားထားတဲ့ ရွာတွေကတော့များတယ်လို့ သိရပါတယ်။ ဝက်လက်မြို့နယ်အတွင်းမှာ မိုးစပါးဧက ၁၄၀,၀၀၀ ကျော်စိုက်ပျိုးထားကာ ရွှေဘိုပေါ်ဆန်းခေါ် ဘေးကြားစပါးကို အများဆုံးစိုက်ပျိုးကြတာဖြစ်ပြီး အဲဒီစပါးမျိုးဟာ ဆစ်ပိုး၊ ဖလံပိုး၊ ရွက်ဖြူပိုး၊ ဖြုတ်ပိုး အစရှိတဲ့ ပိုးကြိုက်တဲ့စပါးမျိုးဖြစ်တယ်လို့ သိရပါတယ်။ သတင်း- အောင်စံလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024