ကျောက်တန်းရွာသားများအမှု မစစ်ဆေးနိုင်ဘဲ ကြန့်ကြာနေ
DVB
·
October 23, 2019
ကျောက်တန်းရွာဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးထားတဲ့သူတွေကို တရားစွဲထားတာ အချိန် ၆ လ ကျော်ကြာလာပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ တရားရုံးကစစ်ဆေးမှုတွေ မလုပ်တဲ့အတွက် နစ်နာနေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေက ပြောပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာသားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ရုံးတက်နေရာတာ ၆ လနီးပါးရှိပြီ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အပြစ်မရှိတဲ့အတွက် ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံး ပြန်လည်လွှတ်ပေးစေချင်တယ်လို့ လည်း မိသားစုတွေက ပြောပါတယ်။
ဒါပေမယ့် စစ်တွေခရိုင်တရားရုံးက သူတို့ကို အမှုနဲ့ပတ်သက်လို့ အကြိမ်ပေါင်းများစွာ ရုံးထုတ်ခဲ့ပေမယ့် တစုံတရာစစ်ဆေး တာမရှိသေးပါဘူး။
ဒီအမှုနဲ့ပတ်သက်တဲ့ဆက်စပ်တရားခံတွေကို ရဲကစုံစမ်းနေတဲ့အတွက် မူလက ဖမ်းဆီးတရားရင်ဆိုင်နေရတဲ့သူ ၈ ယောက်ရဲ့အမှုကို ဆက်လက်ဆောင်ရွက်လို့ မရသေးတာလို့ တရားလွှတ်တော်ရှေ့နေ ဦးစောလှိုင်က ပြောပါတယ်။
ကျောက်တန်းအမှုဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်တွေခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ထားတာ ဆက်စပ်တရားခံ ၈၁ ယောက်ရှိနေပြီး ဆက်စပ်တရားခံ ၇၅ ဦးဟာ ကျေးရွာအသီးသီးမှာ နေထိုင်တာမရှိတာကြောင့် ရဲက အကြောင်းပြန်ထားပါတယ်။ ကျန်တဲ့ ၆ ဦးကတော့ ရဲက တစုံတရာအကြောင်းမပြန်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ကျောက်တန်းဖြစ်စဉ်နဲ့ပတ်သက်လို့ ကျေးရွာသားတွေကိုဖမ်းဆီးခဲ့တဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေး သူငယ် ၂ ယောက်ပါနေပြီး သူတို့ လည်း စစ်တွေမြို့နယ်တရားရုံးမှာ အပြင်ကတရားရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ ရွာသား ၂၇၅ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူ ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။
ဝဏ္ဏခွာညို