Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် အခွန် အကြွေးကျန် ကျပ် ၈၈၀၀ သိန်းကျော်ရှိနေ
DVB
·
October 23, 2019
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၉ မြို့နယ်မှာ  အစိုးရအဆက်ဆက် အခွန်အကြွေးကျန်အနေနဲ့ အခုနှစ် စက်တင်ဘာလကုန်အထိ ကျပ် ၈၈၀၀ သိန်းကျော်ရှိတယ်လို့ တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံက သိရပါတယ်။ ကုန်သွယ်လုပ်ငန်းအခွန်အနေနဲ့ ကျပ်ငွေ ၄၇၀၀ သိန်းကျော်၊ ၀င်ငွေအခွန် ၈၂၂ သိန်းကျော်နဲ့ အမြတ်ခွန် ၃၃၀၀ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ အကြွေးကျန်မရှိတာ ဘုတ်ပြင်း(ဘုတ်ပြင်းမြို့နယ်)တခုပဲရှိတယ်လို့ တနင်္သာရီတိုင်း ပြည်တွင်းအခွန်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်နန်းဆိုင်အုံက ပြောပါတယ်။ အဆိုပါအခွန်အကြွေးကျန်များရရှိဖို့ သက်ဆိုင်ရာ မြေအခွန်မှူးတွေက ကွင်းဆင်းပြီး စည်ရုံးရေးနည်းနဲ့ ကောက်ခံနေတယ်လို့လည်း ပြောပါတယ်။ ကျန်ရှိတဲ့အခွန်ကြွေးတွေထဲမှာ တချို့က လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတော့တာ၊ လူရှာဖွေမတွေ့တော့တာ၊ သေဆုံးသွားတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အခွန် ကောက်လို့မရတော့ဘူးဆိုတာ  သေချာပြီဆိုရင်အခွန်လျော်ပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ အခွန်လျော်ဖို့အတွက် အမှုတွဲတည်ဆောက်ဖို့ အရင်က နေပြည်တော်သို့တင်ပြရပြီး အခုအချိန်မှာတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးက  ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ တနင်္သာရီတိုင်းဒေသကြီးအတွင်း ၀င်ငွေအခွန်ကျပ်သန်း ၁၈၈၈၆ ဒသမ ၀၃၆ နဲ့ ကုန်သွယ်အခွန်ကျပ်သန်း ၁၇၂၁၃ ဒသမ ၅၇၄ ရရှိတယ်လို့ သိရပါတယ်။ သတင်း- တင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024