အေအေလက်နက်ကိုင်အဖွဲ့ဝင်များအပါအဝင် ၆ ဦးကို မန္တလေးတွင် ရုံးထုတ်စစ်ဆေး
DVB
·
October 23, 2019
မန္တလေးမြို့မှာ ဖောက်ခွဲရေး ပစ္စည်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တဲ့ အေအေတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ဦးကို အောက်တိုဘာ ၂၃ ရက်က မန္တလေးခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
ရုံးထုတ်မှာ ပါဝင်ခဲ့သူတွေကတော့ အေအေတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ၊ ဒုတပ်ကြပ် ချမ်းငြိမ်းနဲ့ ဒုတပ်ကြပ် မြတ်ခိုင်၊ ကျောက်အရောင်းအဝယ်လုပ်ကိုင်တဲ့ မိုးကျော် (ခ) ဦးမိုးကျော်နဲ့ ဝင်းသိန်း၊ ကားဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်ပါတယ်။
နောက်ရုံးချိန်းကိုတော့ နိုဝင်ဘာလ ၄ ရက်နေ့ ချိန်းဆိုခဲ့ပြီး မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အစည်းအဝေးလုပ်သွားမယ်လို့မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ် က ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တရားခံပြေးသုံးဦးကတော့ ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုး နဲ့ မဦးသန်းခင်တို့ ဖြစ်ပြီး သူတို့ကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက်နေပါတယ်။ ဖမ်းဆီးရမိသူတွေနဲ့ တရားခံပြေးတွေကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)/၅၂(က) တို့နဲ့ တရားစွဲဆိုထားပါတယ်။
ဖောက်ခွဲရေး ပစ္စည်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ အတူ အေအေတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက် လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တလုံးမှာ ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိသူတွေနဲ့ အတူ Satellite ဖုန်းတွေ၊ ယမ်းတုံးတွေ၊ ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ဒီတိုနီတာ ၁၀၀ တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာပါ။