Home
မေးမြန်းခန်း
အပေါ်ပိုင်းမှာ ပြောင်းလဲနေပေမယ့် အောက်ခြေပိုင်း ဘာမှ မပြောင်းလဲသေးဘူး
ရွှေအောင်
·
January 15, 2013
ပြည်ပအခြေစိုက် လူ့ဘောင်သစ်ပါတီရဲ့ မြန်မာပြည်ခရီးစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲတခုကို ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ [caption id="attachment_35319" align="alignright" width="300" caption="သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်"][/caption] ဒီသတင်းစာရှင်းလင်းပွဲနဲ့ ပါတီရဲ့ ခရီးစဉ်တွေ့ရှိချက်တွေအကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲက ခရီးစဉ်အဆုံးသတ်တဲ့အနေနဲ့ လုပ်တာလား။ “ခရီးစဉ်ရဲ့ ရရှိချက်တွေ၊ ရည်ရွယ်ချက်တွေကို စာနယ်ဇင်းအဖွဲ့ကို တင်ပြတဲ့သဘော ကျနော်တို့ လုပ်တာပါ။” ဘာတွေ အဓိကထားပြီး တင်ပြခဲ့လဲ။ “ကျနော်တို့ပါတီ ကိုယ်စားလှယ်အဖွဲ့ရဲ့ လေ့လာရေးခရီးစဉ် ရည်ရွယ်ချက် ၄ ခု ရှိတဲ့အကြောင်း တင်ပြတယ်။ အဲဒီ ၄ ခု ကျနော်တို့ ဆောင်ရွက်တဲ့အခါမှာ ရရှိချက်တွေကို တင်ပြတယ်။ နောက် ကျနော်တို့ပါတီရဲ့ ဒီကနေ့အခြေအနေအပေါ်မှာ သဘောထားနဲ့ ရှေ့ဆက်မယ့် ခရီးမှာ ကျနော်တို့ စဉ်းစားထားချက်တွေ တင်ပြပါတယ်။” ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ပြောပြပေးပါ။ “တွေ့ရှိချက်ကတော့ မဟာမိတ်တွေနဲ့ ကျနော်တို့တွေ့တာမှာ အန်အယ်လ်ဒီနဲ့ တွေ့တယ်၊ ၈၈ နဲ့တွေ့တယ်၊ လူထုလူတန်းစား အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့တယ်၊ အလုပ်သမား လယ်သမားတွေ၊ ဗကသများအဖွဲ့ချုပ်နဲ့ ကျနော်တို့ တွေ့တယ်။ အဲဒီတွေ့တဲ့အချိန်တိုင်းမှာ ကနေ့အခြေအနေက ဘာမှပြောပလောက်တဲ့ အပြောင်းအလဲ မဟုတ်သေးဘူး။ ဒီအပြောင်းအလဲတွေအတွက် လက်တွေ့ဖြည့်ပြီးလုပ်ဖို့ လိုအပ်တယ်၊ အဲလိုလုပ်တဲ့အချိန်မှာ ဟိုတုန်းက လက်ချင်းချိတ်ပြီးလုပ်တဲ့အချိန်မှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဆိုတာ ပြည်တွင်းမှာ ရှိသင့်တဲ့ပါတီဖြစ်တယ်၊ သူတို့အနေနဲ့ ကြိုလည်းကြိုဆိုတယ်။ ဒီကနေ့ ပြဿနာတွေကို ဖြေရှင်းဖို့ လုပ်ငန်းစဉ်တွေထဲမှာ လက်တွဲဖော်ကောင်းတယောက်အဖြစ် သူတို့အနေနဲ့ မျှော်လင့်အားထားတယ်လို့ ကျနော်တို့ သိရပါတယ်။ နောက်တခုက ကျနော်တို့ ပါတီဝင်တွေနဲ့ အများကြီး ဆုံရတယ်။ ပြန့်ကျဲနေတဲ့သူတွေကို ကော်မတီဝင်တွေကို စုစည်းနေတဲ့ စုစည်းရေးကော်မရှင်တွေနဲ့ ဆုံရတယ်။ ဆုံပြီးတဲ့အချိန်မှာ အားလုံး ကျနော်တို့ ပါတီဝင်တွေအတော်များများကို စုစည်းပြီး မနေ့ကဆိုရင် ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ် ၈ ရပ်ကို ချမှတ်နိုင်ခဲ့တယ်။ အဲဒါတွေက ကျနော်တို့ပါတီရဲ့ ရရှိချက်တွေဖြစ်တယ်။” အထဲမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ရော ညီလာခံလုပ်ဖို့ ဆွေးနွေးကြတာတွေ ရှိတယ်လို့ ကြားရတယ်။ “အဲဒါက ကျနော်တို့ ၈၈ မျိုးဆက်ညီအစ်ကိုများရယ်၊ အေဘီအက်စ်ဒီအက်ဖ်က ဥက္ကဋ္ဌ ကိုသံခဲတို့ ရောက်နေတဲ့ကာလမှာ ကျနော်တို့ သုံးဖွဲ့တွေ့ပါတယ်။ တွေ့ပြီး ကျနော်တို့ စဉ်းစားတာက သုံးဖွဲ့ဟာ အတွေ့အကြုံတွေ ဖလှယ်ကြမယ်၊ ဆက်ဆံရေးတွေ ပိုပြီး တိုးမြှင့်ကြမယ်၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ သုံးဖွဲ့ လက်တွဲပြီး ဆောင်ရွက်ကြမယ်၊ နောက် အင်အားစုအားလုံးပါဝင်တဲ့ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးအတွက် ကျနော်တို့ သုံးဖွဲ့က ရည်မှန်းချက်ထားပြီး ကြိုးစားဆောင်ရွက်သွားကြမယ်ဆိုတာ ညှိဖြစ်တယ်။ အဲဒီ လေးချက်ရဲ့အောက်မှာ ပထမဆုံးလုပ်ငန်းစဉ်အနေနဲ့ ၈၈ ပြီးတဲ့နောက်ပိုင်း ပြန့်ကျဲသွားတဲ့ အင်အားစုအားလုံး၊ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်တဲ့ ဆုံဆည်းတဲ့ တွေ့ဆုံပွဲတခု ညီလာခံလို့တော့ မခေါ်သင့်သေးပါဘူး။ အားလုံးပါဝင်တဲ့ တွေ့ဆုံပွဲကြီးတခုကို ၂၀၁၃ ၆ လပိုင်း မတိုင်ခင်မှာ ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ သုံးဖွဲ့ ညှိနှိုင်းပါတယ်။ သုံးဖွဲ့က ကမကထပြုပြီးတော့ ဖိတ်ကြရအောင်၊ စုစည်းကြရအောင်ဆိုပြီး ဆွေးနွေးဖြစ်ပါတယ်။” ကိုဝေလင်းတို့ ခရီးစဉ်အတွင်းမှာ အပြင်က ကြားရတာတွေနဲ့ အထဲမှာ မြင်ရတာတွေ ဘာတွေ ကွာခြားမှုရှိလဲ။ “အပြင်တုန်းကလည်း စဉ်ဆက်မပြတ်တော့ တောက်လျှောက် ကျနော်တို့ လေ့လာနေပါတယ်။ လေ့လာမှုတော့ ပြတ်သွားတယ်လို့ မရှိပါဘူး။ သို့ပေမယ့် အထဲမှာ တွေ့တဲ့အချိန်ကျတော့ လူထုက တကယ့်ကို အခြေခံအခွင့်အရေးတွေ နိမ့်နေတုန်းပဲ တွေ့ရတယ်။ ဘာမှ အာမခံချက် မရှိဘူး၊ သူတို့အတွက် အနာဂတ်ဆိုတာ စိုးရိမ်ထိတ်လန့်ဖွယ်ရာပဲ ဖြစ်နေသေးတယ်။ အာမခံချက်ရှိပြီးတော့ ဒီနှစ် ဒီလောက်ကောင်းရင် နောင်နှစ်တော့ ဒီထက်ကောင်းမှာပဲ ဆိုတဲ့ မျှော်မှန်းချက်မျိုး ထားလောက်နိုင်တဲ့ အနေအထားမျိုး မတွေ့ရသေးဘူး။ ပုံမှန်ပဲ လယ်သိမ်းခံရသူကလည်း အသိမ်းခံနေရတုန်း၊ လုပ်ခံလစာ နည်းတဲ့သူကလည်း နည်းပြီးတော့ လုပ်အားခေါင်းပုံဖြတ် ခံနေရတုန်းပဲ။ အကာအကွယ်ပေးမယ့် ဥပဒေလည်း မရှိသေးဘူး၊ ကာကွယ်ပေးမယ့် အဖွဲ့အစည်းလည်း မရှိသေးဘူးဆိုတာမျိုး တွေ့ရတယ်။ အပေါ်ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ် ဆိုပေမယ့် အောက်ခြေပိုင်း တကယ်လက်တွေ့ဘ၀မှာတော့ ဘာမှ မပြောင်းလဲသေးဘူးဆိုတာ တကယ့်ကို မျက်မြင်ကိုယ်တွေ့ တွေ့ရပါတယ်။” လူ့ဘောင်သစ်ပါတီ ဒီနှစ်ထဲ ပြန်ပြီး မှတ်ပုံတင်မယ်ဆိုတဲ့ကိစ္စ ဖြစ်နိုင်မလား။ “ဒီနှစ်ထဲမှာ ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ မြင်တယ်။ အစိုးရနဲ့ ညှိထားတဲ့ကိစ္စကလည်း ရရှိထားတဲ့ နှုတ်ကတိတွေအတိုင်း ကျနော်တို့ ဆောင်ရွက်နိုင်တယ်။ ဒီမှာ ပြင်ဆင်ညှိနှိုင်းရေးရုံးတခု ဒီမှာ လာဖွင့်ပြီးတော့ စုစည်းထားတဲ့ ကော်မတီတွေနဲ့ ကျနော်တို့ တွေ့ပြီးတော့ ညှိနှိုင်းဆောင်ရွက်နိုင်မယ်ဆိုတဲ့ အခြေအနေမျိုး ကျနော်တို့ ရရှိထားပါတယ်။ နောက် ကော်မရှင်ကို ကျနော်တို့ သွားတွေ့တဲ့အချိန်မှာလည်း ကြိုဆိုတယ်၊ ကျနော်တို့ပါတီ မှတ်ပုံတင်ဖို့ဟာက ပါတီဟောင်းဖြစ်တဲ့အတွက် အခက်အခဲလည်းမရှိဘူး၊ သူတို့အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ လိုက်လုပ်ပေးမယ်လို့ ပြောတော့ မှတ်ပုံတင်ဖို့က အခက်ခဲ ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ ဒီနှစ်ထဲ ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။” မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါ။ “ကျနော်တို့ လေ့လာတဲ့အချိန်မှာ ပိုပြီးလေးနက်သွားတဲ့ကိစ္စကတော့ ဒီအပြောင်းအလဲတွေက ကျနော်တို့သုံးသပ်ချက်အရ ပြောရရင် တကယ်အနှစ်သာရရှိတဲ့ အပြောင်းအလဲတွေ ဖြစ်သွားအောင် ငြိမ်းချမ်းပြီး ခေတ်မီတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်သွားအောင်ဆိုရင် ကျနော်တို့ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ အလုပ်တွေက ခက်ခဲမယ်ဆိုတာလည်း မုချပဲ၊ သို့သော် ဘယ်လောက်ပဲ ခက်ခက် ကျနော်တို့က ဒီမိုကရေစီ အင်အားစုတွေနဲ့အတူ၊ တိုင်းရင်းသား အင်အားစုတွေနဲ့အတူ အခြားအခြားသော အင်အားစု အားလုံးနဲ့၊ ပြည်သူတွေနဲ့အတူ လက်တွဲပြီး လက်တွဲဆောင်ရွက်သွားကြရမယ်လို့ မြင်တယ်။ အဲဒီအတွက် ရင်းနှီးပေးဆပ်မှုတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမယ့် အဲဒါတွေကို ပေးဆပ်ပြီးတော့မှ အောင်ပွဲကိုတော့ ရအောင် ယူကြရလိမ့်မယ်။ အဲဒီတာဝန်မျိုးမှာလည်း ကျနော်တို့ ပါတီအနေနဲ့ အတတ်နိုင်ဆုံးထမ်းရွက်သွားမယ်လို့ ကျနော် ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024