Home
မြန်မာသတင်း
ဂျပန်ဧကရာဇ် ထီးနန်းတက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ တက်ရောက် 
DVB
·
October 22, 2019
ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ ထီးနန်းတက်ပွဲ အခမ်းအနားကို ဒီကနေ့မနက်က တိုကျိုမြို့မှာ  ကျင်းပရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်က အကြီးအကဲတွေ ခေါင်းဆောင်တွေ  တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ ဂျပန်တော်ဝင် နန်းတော်ရဲ့ အထင်ကရ တွေထဲက တခုဖြစ်တဲ့ ထင်းရှူးခန်းမမှာ ဧကရာဇ် နရုဟိတိုနဲ့ ဧကရီမိဖုရား မာဆာကို တို့ရဲ့ ရိုးရာ နန်းတက်ပွဲ အခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့စံပြအဖြစ် သူ့ရဲ့ တာဝန်တွေကို အပြည့်အဝ ထမ်းဆောင်သွားမယ်လို့ အသက် ၅၉နှစ်အရွယ် ဘုရင်သစ် နရုဟိတိုက ကတိပြုခဲ့ပါတယ်။ နရုဟိတိုဟာ  ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ မွေးဖွားလာတဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ဧကရာဇ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ ဖခင်ဖြစ်သူ အာ့ခိဟိတို ဆီကနေ ထီးနန်း ဆက်ခံခဲ့တာပါ။  အသက် ၈၅နှစ် အရွယ်ရှိပြီဖြစ်တဲ့ အာ့ခိဟိတို ဟာ အသက်အရွယ်ကြီးလာလို့ သူ့ရဲ့ တာဝန် တွေ ပျက်ကွက်မှာကို စိုးရိမ်တာကြောင့် သားဖြစ်သူကို ထီးနန်းလွှဲပေးခဲ့တာ ဖြစ်ပြီး ဒါဟာနှစ်ပေါင်း ၂၀၀ အတွင်း ဂျပန်ဧကရာဇ်တပါးအနေနဲ့ ပထမဆုံး ထီးနန်းစွန့်တာလည်း ဖြစ်ပါတယ်။ နန်းတက်ပွဲ ကျင်းပတဲ့ ဒီနေ့မနက်ပိုင်းမှာ မိုးတွေသည်းသည်း မည်းမည်း ရွာနေပေမယ့်လည်း နန်းတော်အပြင်ဘက်မှာ ပြည်သူတစ်ချို့ဟာ ဂျပန်နိုင်ငံအလံတွေ ကိုင်ဆောင်ပြီး လာရောက် အားပေးခဲ့ကြပါတယ်။ ဂျပန်နိုင်ငံသို့ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က Imperial ဟိုတယ်မှာ  ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ အီဆာဝါအီချီရိုနဲ့  တွေ့ဆုံဆွေးနွေးခဲ့သလို ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck နဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနေ့ကတော့ ဂျပန် ဝန်ကြီးချုပ်ရှင်ဇိုအားဘေးနဲ့ တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ဖို့ သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင်  ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာညီလာခံမှာ တက်ရောက်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလာရောက်လုပ်ကိုင်ကြဖို့ ဂျပန် စီးပွားရေး သမားတွေကို ဖိတ်ခေါ်  မိန့်ခွန်းပြောကြားခဲ့ပါတယ်။  ဓါတ်ပုံ - ရိုက်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024