ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ရောက် ရခိုင်တိုင်းရင်းသားများဆန္ဒပြ
DVB
·
October 22, 2019
ဂျပန်ဘုရင်ရဲ့ နန်းတတ်ပွဲကို တက်ရောက်ဖို့ တိုကျိုမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီ ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့မှာအောက်တိုဘာ ၂၁ ရက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးမောင်သန်းက "ရခိုင်လူမျိုးဒုက္ခသည် ၇ သောင်းဟာ အခု အသံတိတ် လူမျိုးသုဉ်း သတ်ဖြတ်တာခံနေရတယ်။ အကူညီတွေပေးလို့ မရပါဘူး၊ အဲဒါကို ဖွင့်ပေးဖို့ ကျနော်တို့က တောင်းဆိုတာပါ"လို့ ပြောပါတယ်။
ရခိုင်နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့၊ရခိုင်ဒုက္ခသည်တွေ အကူညီပေးတာကို လက်ခံ ခွင့်ပြုပေးဖို့၊ ရခိုင်မှာ အင်တာနက်အဆက်သွယ်တွေ ပြတ်တောက်နေတာ ပြန်ဖွင့်ပေးဖို့နဲ့ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ခွင့်ပြုပေးဖို့ အချက်တွေကို ဆန္ဒပြသူတွေက တောင်းဆို ကြပါတယ်။
"ကျနော်တို့ရခိုင်ကသာ ဦးဆောင်ဆန္ဒထုတ်ဖော်ခြင်းသာဖြစ်ပါတယ်။ မည်သည့် မွတ်ဆလင် အဖွဲ့စည်းနဲ့မှ မသက်ဆိုင်ပါ။ ဂျပန်နိုင်ငံတော် အစိုးရထံက တရားဝင်အသိမှတ်ပြုခွင့်ပြုချက် ပေးထားသော ဆန္ဒထုတ်ဖော်ပွဲပါ"လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးမောင်သန်းက ဆက်ပြောပါတယ်။
ဂျပန်ဘုရင်နန်းတက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကမ္ဘာနိုင်ငံပေါင်း ၁ဝဝ ကျော်က ခေါင်းဆောင်တွေ ရောက်နေချိန်မှာ ဆန္ဒပြရတာဖြစ်လို့ ဆန္ဒပြပွဲကိုကျေနပ်မှုရှိတယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မတိုင်ခင်သွားရောက်ခဲ့တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာတော့ ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဆန္ဒပြခဲ့ခြင်း မရှိပါဘူး။