အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံ ရခိုင်အမျိုးသား ၃ ဦးကို ပြန်လွှတ်ပေး 

အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရက္ခိုင့်တပ်တော် အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခရဲ့ ယောက်ဖအပါအဝင်  အမျိုးသား ၃ ဦးကို စွဲချက်မတင်မီ ပြန်လွှတ်ပေးလိုက်ပါတယ်။ အမ်းမြို့နယ်၊  အောင်သပြေကျေးရွာက ဦးမောင်ဖြူသန်းပါ ၃ ဦးကို သက်သေခိုင်လုံစွာ တင်ပြနိုင်မှုမရှိတာကြောင့် စွဲချက်မတင်မီ အောက်တိုဘာ ၂၁ ရက်မှာ ကျောက်ဖြူခရိုင်တရားရုံးက  တရားရှင် လွှတ်ပေးလိုက်တာပါ။  ဦးမောင်ဖြူသန်းပါ ၃ ဦးကို လွန်ခဲ့တဲ့ ဇူလိုင် ၇ ရက်က အမ်းမြို့နယ် တပ်မ (၃၇၃) မှ ဗိုလ်မှူးတင်အောင်လင်းက အမ်းမြို့မရဲစခန်းမှာ အကြမ်းဖက်ဥပဒေပုဒ်မ- ၅၀(က)၊ ၅၁ (ဂ) တို့ဖြင့်အမှုဖွင့်လှစ် တရားစွဲဆိုခဲ့ပါတယ်။ ဒီအမှုကို ကျောက်ဖြူခရိုင်တရားမှာ တရားလိုပြ သက်သေတွေကို စစ်ဆေးရာမှာ သက်သေခိုင်လုံမှုမရှိတဲ့အတွက် အမှုကို စွဲချက်မတင်မီလွှတ်ပေးလိုက်တာလို့ အမှုကို အခမဲ့လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးထိန်လင်းက ပြောပါတယ်။ “တရားစွဲတဲ့လူတွေဘက်က သက်သေတွေ အကုန်လုံးကို စစ်ဆေးပြီးတဲ့အခါ သူတို့တွေဟာ တကယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်တယ်၊ ဆက်နွှယ်နေတယ်ဆိုတဲ့အကြောင်းအရာကို တစုံတခုမှ ပေါ်ပေါက်တာမရှိဘူးလေ။ ဒါကြောင့် တရားရုံးကလည်း တရားဥပဒေစိုးမိုးရေးကို အဓိကဦးထိပ်ပန်ပြီးတော့ အရေးမယူနိုင်လောက်တဲ့ လူတွေကို လွှတ်ပေးရတာပေါ့”လို့ ပြောပါတယ်။ အဆိုပါအမှုမှာ တရားရုံးကို သက်ဆိုင်ရာအာဏာပိုင်တွေက ဝင်ရောက်စွက်ဖက်တာတွေ မရှိတဲ့အတွက် တရားစီရင်ရာမှာ လွတ်လပ်စွာစီရင်ပိုင်ခွင့်ရှိတာကိုလည်းတွေ့ရတယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးထိန်လင်းက ပြောပါတယ်။ “ဒီအမှုအပေါ်မှာ တစုံတဦးတို့၊ တစုံတရာတို့ အနေနဲ့ ပံ့ပိုးတာတို့ ဖိအားတွေတို့မရှိနိုင်ဘူး၊ ဘာလို့လည်းဆိုရင် ဘာဖြစ်တယ်ဘာလုပ်ပါဆိုတာကို မရှိနိုင်ဘူး။ ကျနော်တို့ တရားစီရင်ရေးကို အာဏာပိုင်တွေ၊ အုပ်ချုပ်သူအဖွဲ့အစည်းကလည်း ဝင်ရောက်မစွက်ဖက်ဘူး ဆိုတာကိုတော့ ခန့်မှန်းတယ်ပေါ့ဗျာ၊ ဘာပဲဖြစ်ဖြစ် ဒီတရားစီရင်ရေး အဖွဲ့က လွတ်လပ်စွာစီရင်ပိုင်ခွင့်ရှိတယ် ဒီအမှုမှာ၊ ဒီအမှုမှာပြောတာပါ”လို့ ပြောပါတယ်။ အဆိုပါအမှုမှာ တရားလိုပြသက်သေ ဗိုလ်မှူးတင်အောင်လင်းက သင်တန်းသွား တက်နေတာကြောင့် သက်သေလာရောက်ထွက်ဆိုမှုမရှိခဲ့သလို တရားလိုပြသက်သေ ၁၁ ဦးကို စစ်ဆေးခဲ့ပြီး သက်သေခိုင်လုံမှုမရှိ တာကြောင့် ဦးမောင်ဖြူသန်း၊ ဦးစံအောင်ကျော်၊ ဦးရဲဘော်သူတို့ (၃)ဦးကို ကျောက်ဖြူခရိုင်တရားရုံးက  စွဲချက်မတင်မီ တရားရှင်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ သတင်း- နောင်နောင်

More News
Up