ဝင်းနှင့်ဇော်အတွက် ထိုင်းဘုရင်ထံ မြန်မာလူ့အခွင့်အရေးကော်မရှင်က အသနားခံစာပို့ထား
DVB
·
October 22, 2019
လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ် ချမှတ်ခံရတဲ့ မြန်မာလူငယ်နှစ်ဦးကို သက်ညှာပေးဖို့နဲ့ တရားဥပဒေနဲ့အညီ စောင့်ရှောက်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က ထိုင်း ဘုရင်မင်းမြတ်ဆီ အသနားခံစာပေးပို့ထားပေမယ့်လည်း တစုံတရာပြောင်းလဲမှုမျိုး မရှိသေးဘူးလို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်အနေနဲ့ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်ကိုလည်း မေတ္တာရပ်ခံစာတွေ ထပ်မံ ပေးပို့ထားတယ်လို့ ဆိုပါတယ်။
သေဒဏ်ပေးခံထားရတဲ့ မြန်မာနိုင်ငံသားလူငယ်နှစ်ဦးအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်အဖွဲ့အပါအဝင် တခြားအဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မယ်ဆိုရင်တော့ ပြောင်းလဲမှုတစုံတရာတော့ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ကမ္ဘာ့လှည့်ခရီးသွား ဗြိတိန်လူငယ်စုံတွဲနှစ်ဦးကို သတ်ဖြတ်ခံရမှုမှာ ကျူးလွန်သူတွေအဖြစ် မြန်မာလူငယ် ၂ ဦးကို ထိုင်းတရားရုံးချုပ်က သေဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။