ဘီအေအေမှသည် အောင်ဆန်းကွင်းဆီသို့ (သုတကဖေး) 

Photo : wikipedia
၁၉၅၃ ခုနှစ် အောက်တိုဘာ ၁၇ ရက် ညနေ….။  မီးရထားဘူတာကြီးရှေ့ရှိ ဘီအေအေ ဘောလုံးကွင်းတွင် ပွဲကြည့်သူ ပရိသတ်များဖြင့် စည်ကားနေသည်။ အနယ်အရပ်ရပ်မှ ဘောလုံးဝါသနာရှင်အပေါင်းတို့လည်း ရောက်ရှိနေကြသည်။ တိုင်းနဲ့ ပြည်နယ် ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ပင် ဖြစ်သည်။ ယှဉ်ပြိုင်မည့်အသင်းမှာ တနင်္သာရီတိုင်းအသင်းနှင့် ကရင်ပြည်နယ်အသင်း။ ယှဉ်ပြိုင်ကြမည့် နှစ်ဖက်ဘောလုံးသမားများ ကွင်းလယ်တွင် စုဝေးနေစဉ်… နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးမှ “အခုချိန်မှစ၍ ဤအားကစားကွင်းကြီးအား ‘ဘီအေအေ’ ဟူသော အမည်အစား ‘အောင်ဆန်းအားကစားပြိုင်ကွင်း’ ဟု အမည်ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်”ဟု မိန့်ခွန်းမြွက်ဟလိုက်သည်။ ထိုသို့ မိန့်ခွန်းပြောပြီးသည်နှင့် ယခင်က ’ဘီအေအေ’ဟု တပ်ဆင်ထားသော မုခ်ဦးဆိုင်းဘုတ်အား ဖြုတ်ချ၍ ‘အောင်ဆန်းအားကစားကွင်း’ ဟူသော ဆိုင်းဘုတ်ကို ပြောင်းလဲ တပ်ဆင်လိုက်တော့သည်။ ထိုနေ့ထိုအချိန်မှစ၍ ဘီအေအေ ဟူသောအမည်လည်း ပျောက်ကွယ်သွားခဲ့ပြီး ယနေ့အထိ အောင်ဆန်းကွင်း ဟူသော အမည်သာ လူသိများလာခဲ့တော့သည်။ ဘီအေအေ အစကို ကြည့်လျှင် ၁၈၇၂ ခုနှစ်မှ အစပြု၍ ပြောရမည် ဖြစ်သည်။ စတင်မိတ်ဆက်ပေးသူက ကျောင်းဆရာတဦးဖြစ်တဲ့ ဂျော့စကော့ပင်။ ၁၈၇၃ တွင် ရန်ကုန် စိန့်ဂျွန်းကျောင်းသားများနှင့် မော်လမြိုင် စိန့်ဂျွန်းကျောင်းသားတို့၏ ဘောလုံးပြိုင်ပွဲအကြောင်းကို The Singapore Free Press သတင်းစာတွင် တခမ်းတနား ဖော်ပြထားသည်ကို တွေ့ရသည်။ ထို့ကြောင့် မြန်မာဘောလုံးလောက အစမှာ ၁၈၇၂ ဟု ခန့်မှန်းနိုင်ပါသည်။ ထိုစဉ်က ပုဆိုးအသင်းနှင့် ဘောင်းဘီဝတ်အသင်းတို့ နာမည်ကြီးသည်ဟု ဆိုသည်။ ဘောလုံးပြိုင်ပွဲကိုမူကား မြင်းပြိုင်ကွင်းဟောင်း (ယခု မိုင်ဒါကွင်း)တွင် ကျင်းပခဲ့သည်။  “မြန်မာဘောလုံးသင်းအဖွဲ့ချုပ်” ကို ၁၈၉၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၈၉၈ ခုနှစ်တွင်မှ “မြန်မာနိုင်ငံ အားကစားအသင်းကြီး (Burma Atheletic Association)”  အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဘောလုံးပြိုင်ပွဲများကို အဆိုပါ မြင်းပြိုင်ကွင်းဟောင်းနေရာတွင် ၁၈၉၈ ခုနှစ်အထိ ကျင်းပခဲ့သည်။ ဖဆပလ ရပ်ကွက်ရှေ့ ဒိုလီချိုင့် ဆိုသော အဝတ်လျော်ရာ ရေအိုင်ကြီးအား ၁၉၀၈ ခုနှစ်တွင် မြေဖို့၍ အားကစားကွင်းအဖြစ် စတင်ပြုပြင်ခဲ့သည်။ မြေဖို့ပြီး ရေနုတ်မြောင်းများအား စနစ်တကျ ဖောက်လုပ်ပြီးနောက်အပေါ်တွင် နိုင်ငံခြားမှ မြက်များ မှာယူ စိုက်ပျိုးခဲ့သည်။ ၁၉၁၀ ပြည့်နှစ်တွင် ဘီအေအေ အားကစားကွင်းအဖြစ် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။  ထိုနှစ်မှစ၍ ဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဘီအေအေကွင်းတွင်သာ ပြုလုပ် ကျင်းပခဲ့သည်။ ဘီအေအေကွင်းတွင် ဘောလုံးကွင်း နှစ်ကွင်း ရှိသည်။ ပင်မကွင်းကို Near အနီးကွင်းဟု ခေါ်၍ ထိုကွင်းတွင် မီတာ ၄၀၀ ရှည်သော အပြေးလမ်းကြောင်းလည်း ရှိသည်။ ပထမတန်းနှင့် အကြီးတန်းပြိုင်ပွဲကို အနီးကွင်းတွင် ကျင်းပလေ့ရှိပါသည်။ အဝေးကွင်းကိုမူ အငယ်တန်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ထိုကွင်းသို့ မြန်မာနိုင်ငံ ဘုရင်ခံချုပ်လည်း ဘောလုံးပွဲကို တက်ရောက်အားပေး ကြည့်ရှုဖူးသည်။ သခင်အောင်ဆန်းလည်း လာရောက်ခဲ့ဖူးသည်။  အစ္စရေးရေးဝန်ကြီးချုပ် ဘင်ဂူယမ်လည်း အားပေးခဲ့ဖူးသည်။ ချူအင်လိုင်နှင့် ရုရှားခေါင်းဆောင်များလည်း ကြည့်ရှု အားပေးခဲ့ဖူးသည်။  ထို့အပြင် ကမ္ဘာ့ဖလားခြေစစ်ပွဲများ၊ အာရှဘောလုံးခြေစစ်ပွဲများလည်း ထိုကွင်းတွင် ကျင်းပခဲ့ဖူးသည်။ ကျွန်းဆွယ်အားကစားပြိုင်ပွဲများလည်း ယှဉ်ပြိုင်ခဲ့ဖူးသည်။ ကာလအဆက်ဆက် ဂုဏ်တင့်ခဲ့သော အားကစားကွင်းကြီး တခုပင်။ ဘီအေအေကွင်းတွင် တချိန်က နာမည်ကြီးသော ယူနီဗာစီတီ ဘောလုံးအသင်းတို့ သုံးနှစ်ဆက်တိုက် အနိုင်ရကာ ဒိုင်းအပိုင်ရခဲ့ဖူးသည်။ ထိုပွဲကို ဘုရင်ခံကိုယ်တိုင် တက်ရောက်အားပေးခဲ့သည်။ ၁၉၃၂၊ ၁၉၃၃ နှင့် ၁၉၃၄ ခုနှစ်များတွင် ယူနီဗာစီတီနှင့် ပုလိပ်ကြီးတို့ ပြိုင်ပွဲမှာ နာမည်ကြီးလှသည်။ ထိုဗိုလ်လုပွဲကို ပြည်၊ လက်ပံတောင်း၊ တောင်ငူ၊ ပဲခူး၊ သာစည်၊ မော်လမြိုင် အစရှိသောမြို့များမှ ကြည့်ရှုသူ ပရိသတ်အတွက် သီးသန့်မီးရထားများ စီစဉ်ပေးရသည်ဟူသော မှတ်တမ်းများ ရှိခဲ့သည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေသရှိ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဝါးခယ်မ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲပြည်သူတို့အတွက် သီးသန့်မီးသင်္ဘောများ စီစဉ်ပေးရသည်ဟု ဆိုသည်။  ဤမျှ ကြီးကျယ်သောပွဲကို ဘီအေအေကွင်းတွင် ယှဉ်ပြိုင်ကြရာ ယူနီဗာစီတီအသင်းက ပုလိပ်ကြီးအသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရလိုက်သဖြင့် ယူနီဗာစီတီအသင်းက သုံးနှစ် ဆက်တိုက်အနိုင်ရ၍ ဒိုင်းကြီးကို အပိုင်ရလိုက်တော့သည်။ အဆိုပါပွဲသည် ဘီအေအေအတွက် ရာဇဝင်တွင်ခဲ့ရသောပွဲ ဖြစ်ခဲ့တော့သည်။ ယခုမူ ဘီအေအေကွင်း တဖြစ်လဲ အောင်ဆန်းကွင်းသည် ၁၉၁၀ မှ စတွက်လျှင် နှစ်ပေါင်း ၁၁၀ ပြည့်တော့မည်။ ကွင်းအိုကွင်းဟောင်းကြီးအဖြစ်သို့ ရောက်ရှိသွားခဲ့ဟု ဆိုသော်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားအသစ်များနှင့် ထူးချွန်ဘောလုံးအသင်းများ ပေါ်ထွက်လာလေဦးမည်လော ဟူ၍သာ…။ ဆရာဋ္ဌေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up