မင်းပြားမြို့တွင် တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 21, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နဲ့ ၃ မိုင်ခန့်ကွာဝေးတဲ့ ခေါင်းလောင်းကျေးရွာနဲ့ နရမ်းကျေးရွာ အနီးမှာ ဒီနေ့မနက်ပိုင်းက တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်က ခေါင်းလောင်းကျေးရွာအနီး တံတားနားမှာ မင်းပြားဘက်ကလာတဲ့ တပ်မတော် ယာဉ် ၁ စီးနဲ့ နားရမ်းခွဆုံက လာတဲ့ တပ်မတော်ယာဉ်တန်း ၅ စီးတို့ ဆွဲမိုင်းနှစ်လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ရတာလို့ ခေါင်းလောင်း ကျေးရွာ က မျက်မြင်တွေက ပြောပါတယ်။
ခေါင်းလောင်းကျေးရွာအုပ်ချုပ်ရေးမှူးက “ကျနော်ရွာအနားဖြစ်တာ၊ မနက်ပိုင်း ၈ နာရီခွဲ လောက်ဖြစ်တာ၊ မိုင်း၂ လုံး အဆွဲခံရတာပေါ့။ တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရတော့ ကျနော်မသိဘူး။ ဒါပေမယ့် အဲ့ဒီလိုမိုင်းဖောက်ခွဲခံရပြီးနောက်မှာတော့ တပ်က လက်နက်ကြီးနဲ့ ရွာဘက်ကို လှမ်းပစ်တယ်။ အဲ့ဒီမှာ ကျနော့်ရွာက သားမိနှစ်ယောက် လက်မောင်းမှာ ကျည်စတွေ ထိမှန်သွားတယ်။ အမေဖြစ်သူကတော့ လက်မောင်းမှာ ၅ ချက်လောက်ချုပ်လိုက်ရတယ်။” လို့ ပြောပါတယ်။
ဒဏ်ရာရတဲ့ သားအမိနှစ်ယောက် စိုးရိမ်စရာမရှိဘူးလို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။
“ထိခိုက်ဒဏ်ရာရှိရသွားတဲ့ သားမိနှစ်ယောက်မှာ လက်မောင်းကျည်စတွေ ထိသွားတယ်။ အခုတော့ မင်းပြားဆေးရုံးကို သူတို့ရောက်နေပြီ၊ အရမ်းကြီးတော့ မစိုးရိမ်ရဘူးလို့ပြောတယ်။ မိုင်းခွဲခံရလို့အပြီး တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ရွာဘက်ကို လှမ်းပစ်ခဲ့တာ။”
ထိခိုက်ဒဏ်ရာရရှိသွားသူမှာ ခေါင်းလောင်းကျေးရွာက ဒေါ်ခင်ဝင်းနွယ် အသက်၂၀ နဲ့ သူ့သမီးဖြစ်သူ မနွယ်ဦးခင် အသက် ၃ နှစ်တို့ လက်မောင်းတွေမှာ ကျည်စထိမှန်သွားတာပါ။
အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး “မိုင်ဆွဲခံရတာဟုတ်တယ်ဗျ။ ကျနော်တို့ဘက်ဘာမှမဖြစ်ဘူး။ ယာဉ်တန်းသွားတော့ ဒီကောင်တွေကဆွဲတာ၊ မိုင်းဆွဲခံရတော့ပစ်မှာပဲ။ ရွာကလူတွေ ထိခိုက်ဒဏ်ရာရတာတော့မသိဘူး"လို့ ပြောပါတယ်။
အခုလို မိုင်းဆွဲခံရပြီးနောက်ပိုင်း ပျက်စီးတာတွေတော့ မရှိဘူးလို့ ခေါင်းလောင်းကျေး ရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သတင်း-ဝဏ္ဏခွာညို