Home
မြန်မာသတင်း
လားရှိုးမြို့နယ် ခေးနင်းကျောင်းထိုင်ဆရာတော် သေနတ်ပစ်ခံရပြီး ပျံလွန်တော်မူ 
နန်းမြနဒီ
·
October 21, 2019
72991783_435708956927896_2110590858179903488_n
73425136_1186522968216386_4678614163088474112_n
72696638_1186522911549725_4781900378436272128_n
73523632_435708990261226_5202607371565662208_n
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခေးနင်းအုပ်စု ခေးနင်းရွာက ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပညာဇောတဟာ မနေ့ညနေပိုင်းက အဆိုပါကျောင်းတိုက်မှာဘဲ သေနတ်ပစ်ခံရပြီး ပျံလွန်တော်မူ သွားပါတယ်။ ယမန်နေ့ညနေ ၆ နာရီ ၄၅ မိနစ်အချိန်လောက်က ဆရာတော်ဟာ ကျောင်းတိုက်၀ရံတာမှာ စင်္ကြံလျှောက်နေစဉ် လူ ၂ ယောက်က သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတာလို့ အခင်းဖြစ်တဲ့ နေရာကို သွားရောက်ကြည့်ရှုခဲ့သူ လားရှိုးရှမ်းလူငယ်ခေါင်းဆောင် စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။  “ဆရာတော်အပစ်ခံရတာသိသိချင်း ကျနော်တို့လည်း ကျောင်းတိုက်ကို ချက်ချင်းလိုက်သွား ပါတယ်ခင်ဗျ၊ ဟိုရောက်တော့ ဆရာတော်ကံတော်ကုန်သွားပြီ၊ သေနတ်ဒဏ်ရာ ၅ ချက်ထိတယ်။ ခေါင်းမှာရော၊ ရင်ဘတ်မှာရော၊ နဖူးမှာရော၊ အဲဒီမတိုင်ခင်ရှေ့က ကိုရင် ၃၅ ပါးနဲ့ ဦးပဉ္စင်း ၆ ပါးက ကျောင်းထဲမှာ တရားထိုင်နေတယ်။ ဆရာတော်က အပြင်မှာ စင်္ကြံလျှောက်နေတာ၊  ဆရာတော်က တောင်ဘက်ကနေ မြောက်ဘက်လျှောက်လာပြီး လှေခါးနောက်တဆင့်ဆင်းလာတော့ အပစ်ခံရတယ်လို့ မျက်မြင်တွေကပြောတယ်။ လူ ၂ ယောက်၊ အရပ်ဝတ်နဲ့၊ သူတို့က ဆိုင်ကယ်ကို ကျောင်းတိုက်အပြင်မှာရပ်ထားပြီး ကျောင်းတောင်ဘက်လူဝင်ပေါက်ကနေ ဝင်လာတာတဲ့၊ ဆရာတော်ကို အဝေးကနေ လှမ်းပစ်ပြီးထွက်ပြေးသွားတာလို့ ပြောတယ်။ အသံကြားလို့ ကျောင်းထဲကသံဃာတွေ ထွက်လာတဲ့ခါ ဆရာတော်က ပွဲချင်းပြီးကံကုန်သွားပြီ။” ဆရာတော်အပစ်ခံရတဲ့နေရာကို ရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေ လာရောက်စစ်ဆေးသွားပြီး အလောင်းကိုတော့ နောင်မွန်လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ လားရှိုးဆေးရုံသို့ သယ်ဆောင် သွားကြောင်း ဘယ်နေ့သင်္ဂြိုလ်မလဲဆိုတာ မသိရသေးကြောင်း စိုင်းဟန်က ပြောပါတယ်။  အပစ်ခံရတဲ့ ဆရာတော် ဦးပညာဇောတဟာ ပလောင်လူမျိုး သက်တော် ၄၅ နှစ်၊ ဝါတော် ၂၅ နှစ်ရှိပြီး အဆိုပါကျောင်းတိုက်မှာ ကျောင်းထိုင်လုပ်လာတာ ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။ ဆရာတော်ဟာ အကျင့်သီလကောင်းမွန်သူဖြစ်လို့  ကျောင်းတိုက်ရှိ သံဃာတော်စာသင်သားတွေကို ကောင်းစွာအုပ်ချုပ်ကာ ရွာသူရွာသား ဒကာဒကာမတွေက ကြည်ညိုလေးစားတဲ့ သံဃာတော် တပါးလည်း ဖြစ်ပါတယ်။  ဒီအမှုနဲ့ပတ်သက်ပြီး လားရှိုးခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးသလို ဘယ်သူတွေက ဘာကြောင့် ခုလို လာရောက် ပစ်သတ်သွားတယ်ဆိုတာလည်း မသိရသေးပါဘူး။ ခေးနင်းကျေးရွာဟာ လားရှိုးမြို့နဲ့ ၁၀ မိုင်ခန့်အကွာ  သီပေါသွားကားလမ်းဘေးမှာ တည်ရှိပြီး အိမ်ခြေပေါင်းရာနဲ့ချီရှိ်တဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။   ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၈ ခု အောက်တိုဘာ ၅ ရက်နေ့ကလည်း ကျောက်မဲ - ရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးကလျာဏဝံသ သက်တော် ၄၆ နှစ်ကို အမည်မသိ သေနတ်သမား ၂ ယောက်က ကျောင်းတိုက်မှာ လာရောက်ပစ်ခတ်သွားလို့ ပျံလွန်ခဲ့ရပါတယ်။ အဆိုပါ သေနတ်သမားကို သက်ဆိုင်ရာက ယနေ့ထက်တိုင် ဖမ်းဆီရမိခြင်း မရှိသေးပါဘူး။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024