မြန်မာ့ရိုးရာမုန့်ပွဲတော်တွင် မုန့်အမျိုအစား ၄၀ စတုဒိသာကျွေး
DVB
·
October 21, 2019
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်၊ စတုဘူမိကနဂါးပရိယတ္တိ စာသင်တိုက်ကြီးမှာ အောက်တိုဘာ ၂၀ ရက် ညနေက ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာမုန့်ပွဲတော် ကျင်းပခဲ့ပါတယ်။
ဒီပွဲတော်ကို တနင်္ဂနွေမင်္ဂလာဓမ္မကျောင်းက ဦးဆောင်ပြီး မြောက်ပြင်ရပ်အသီးသီးရှိ ဓမ္မစကြာဝတ် အသင်းတွေ၊ ကျောင်းသားမိဘအလှူရှင်တွေ၊ သီးခြားအလှူရှင်တွေနဲ့ ကုသိုလ်ပြု ပူးပေါင်းကျင်းပတာပါ။
မြန်မာ့ရိုးရာ နိဗ္ဗာန်စျေးနဲ့ မြန်မာမုန့်ပွဲတော် စီစဉ်သူ ဒေါ်မေသူမောင်က “မြန်မာ့ရိုးရာ မုန့်တွေကို ယနေ့ခေတ် ကလေးငယ်တွေ သိစေချင်တယ်၊ စားစေချင်တယ်၊ ပြီးတော့ ဒီလို နိဗ္ဗာန်စျေးဆိုတဲ့ သဘောတရားကို ကုသိုလ်ပြု ပျော်ရတဲ့ ပွဲကို ကလေးငယ်တွေကို သိစေချင်တယ်လို့ အခုလို ကျင်းပတာပါ”လို့ ပြောပါတယ်။
မြန်မာ့ရိုးရာ မြန်မာမုန့်ပွဲတော်မှာ မုန့်ကြာစေ့၊ ပဲကပ်ကြော်၊ မုန့်လက်ကောက်၊ မုန့်ကျွဲသည်း၊ မုန့်ဖက်ထုပ်၊ အုန်းပေါင်း၊ ငှက်ပျောသီးကြော်၊ ငှက်ပျောပေါင်း၊ နို့မုန့်လက်ဆောင်၊ ရေစကြို ထန်းသီးမုန့်၊ မုန့်ပေါင်း၊ မုန့်လင်မယား၊ သာကူပြင်၊ ခေါ်ပဲပေါင်း၊ အဘိုးကြီးသုပ်၊ မုန့်စိမ်းပေါင်း၊ မုန့်သိုင်းခြုံ၊ အုန်းနို့ပြင်၊ ဘိန်းမုန့်၊ ကြာဇံကြော်၊ မုန့်ပေါက်ကြော်၊ ပေါင်မုန့်နို့ဆမ်း၊ ပင်မှည့်ဖျော်ရည် စတဲ့ မြန်မာ့ရိုးရာမုန့် (၄၀)မျိုးလောက်ကို လူ ၃၀၀၀ ကျော်စာ စတုဒိသာ ကျွေးခဲ့တယ်လို့ သိရပါတယ်။
သတင်း- သော်တာ