Home
မြန်မာသတင်း
စိန်ခေါ်မှုများနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်ခရီးစဉ်
ဇော်ဇော်လှိုင်
·
October 21, 2019
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ ထီးနန်းတက်ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Haneda အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောက်တိုဘာ ၂၀ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၅၀ မိနစ်ခန့်မှာ တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိလာပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဂျပန်ဧကရာဇ်ထီးနန်းတက်ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ဖို့အပြင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ သီးခြားတွေ့ဆုံဖို့ အစီအစဉ်နဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဖေါ်ဆောင်ရေးဆိုင်ရာ ကွန်ဖရင့်မှာ တက်ရောက်ဟောပြောဖို့လည်း ရှိပါတယ်။ ခုတကြိမ်ခရီးစဉ်မှာထူးခြားမှုကတော့ မြန်မာ့နိုင်ငံကို ရခိုင်ဒေသအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဖိအားပေးနေချိန်နဲ့၊ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပြီး မတည်ငြိမ်မှု  အကျပ်အတည်းတွေ ဖြစ်နေချိန်ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဂျပန်အစိုးရနဲ့ သီးခြားတွေ့ဆုံချိန်မှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံ့ရေး စွဲဆောင်ဖို့ အထူး စိန်ခေါ်မှု တခုဖြစ်နေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ဂျပန်နိုင်ငံရောက်ရှိချိန် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ သီးခြားတွေ့ဆုံခဲ့ကြပြီး ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် မလာခင် တွေ့ဆုံဆွေး နွေးခဲ့ကြတာ ဖြစ်လို့ ဂျပန်မီဒီယာတွေ ကလည်း စိတ်ဝင်စားမှုရှိနေကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်ဒီ)ပါတီ ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ပြို ကမ်းပြို မဲရလဒ်နဲ့  အနိုင်ရပြီးနောက်ပိုင်း ဂျပန်အစိုးရ ဖိတ်ခေါ်မှုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။  အဲဒီခရီးစဉ်မှာတော့ အရင်စစ်အစိုးရလက်ထက် ခရိုနီတွေအဖြစ်လူသိများတဲ့ မြန်မာနိုင်ငံက ထိပ်တန်းစီးပွားရေးသမားကြီးတွေ လိုက်ပါခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖေါ်ဆောင်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံအနေနဲ့ အထူးစိတ်ဝင်စားခဲ့ကြပါတယ်။ နောက်ပိုင်းခရီးစဉ်တွေမှာတော့  ခရိုနီတွေ လိုက်ပါခဲ့ခြင်း မရှိတော့ပါဘူး။ လက်ရှိမြန်မာနိုင်ငံမှာ ဂျပန်လုပ်ငန်းတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုမှာ အရင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်ထက်၂ဆတိုးကာ ဇွန်လက တိုယိုတာရဲ့ စက်ရုံတည်ဆောက်မှု ကြေညာခဲ့တာအပါအဝင် ဂျပန်လုပ်ငန်း ၄၀၁ ခု မှတ်ပုံတင်ထားတယ်လို့ မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဂျပန်နိုင်ငံအနေနဲ့ ODA Loan (ချေးငွေ) ဂျပန်ယန်း ၁၂၅၀ ဘီလျံ၊ Grand Aid (ထောက်ပံ့ငွေ) ဂျပန်ယန်း ၅၅ ဒသမ ၆ ဘီလျံ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဂျပန်ယန်း ၉၈ ဘီလျံ တန်ဖိုးရှိ အကူအညီတွေ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် ကြွေးမြီ ခဝါချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိဝန်ကြီးချုပ်ရှင်ဇိုအာဘေးအစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ အတွင်းကို ဂျပန်ယန်း ၈၀၀ ဘီလီယံကို ပေးအပ်သွားမယ်လို့ ကတိပေး သဘောတူထားပြီး သဘောတူထားမှုအတိုင်း အပြီးတိုင်ဆောင်ရွတ်သွားမယ်လို့ဂျပန်အစိုးရ က ထပ်မံအတည်ပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024