ပြည်သူ့အကျိုးကြည့် ကိုယ်စားလှယ်များကိုသာ ရွေးချယ်မည်ဟု NLD ပြော
ပြည့်ဘုန်းအောင်
·
October 20, 2019
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူကိုမျက်နှာမူပြီး ပြည်သူ့အကျိုးကြည့်တဲ့ ကိုယ်စားလှယ်တွေကိုသာ ရွေးချယ်သွားမယ်လို့ အာဏာရပါတီ NLD က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ပြောင်းလဲချိန်တန်ပြီ၊ လူကိုမကြည့်ပဲ ပါတီကိုသာကြည့်ပြီး မဲပေးပါစို့ဆိုတဲ့ ဆောင်ပုဒ် နဲ့ ရွေးကောက်ပွဲယှဉ်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သောင်ပြို ကမ်းပြို အနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြည်သူတွေက ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တချို့ဟာ လုပ်ငန်း တာဝန်ကျေပွန်အောင် မဆောင်ရွက်နိုင်သလို ပြည်သူအကျိုးရှိတဲ့ လုပ်ငန်းတွေ မဆောင်ရွက်နိုင်ခဲ့ဘူးလို့ NLD ပါတီက ပြောပါတယ်။
ဒါ့ကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူကိုမျက်နှာမူပြီး ပြည်သူက ကြိုက်နှစ်သက်တဲ့သူကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခွင့်ပြုသွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
“မြို့မိမြို့ဖ ပြည်သူများရဲ့ သဘောဆန္ဒကို ပါဝင်နိုင်အောင် ကျနော်တို့ ထည့်သွင်းရွေးချယ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့တော့ သူတို့ လွှတ်တော်မှာ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ မှတ်တမ်းတွေ ရှိပါတယ်။ အဲဒါတွေပေါ် မူတယ်မယ်။ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ပါတီဝင်ဒေသခံ အလုပ်အမှုဆောင်များနဲ့ ဆက်ဆံရေးမှာ ဘယ်လောက်အထိ ကြိုးစားဆောင်ရွက်ခဲ့သလဲဆိုတဲ့ မှတ်တမ်းမျိုး ရှိပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ကျနော်တို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။”
NLD ပါတီအနေနဲ့ လက်ရှိကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်စိစစ်အကဲဖြတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး မူဝါဒတွေကို ရေးဆွဲပြီးဖြစ်ကာ အတည်ပြုဖို့ပဲ လိုတယ်လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုက ၂၀၁၅ နဲ့ မတူတဲ့အချက်တွေ ရှိပါတယ်။ တစ်အချက်ကတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို ကပ်မှ မရွေးချယ်ဘဲနဲ့ အချိန်လုံလုံလောက်လောက် စောပြီးမှ ရွေးချယ်ခဲ့ပါတယ်။ အဓိက ပြောလိုတာက ပြည်သူတွေ ပါဝင်ခွင့်ရှိတဲ့ ရွေးချယ်မှုမျိုးဖြစ်အောင် ကျနော်တို့ စဉ်းစားထားပြီး ဖြစ်ပါတယ်။ ဒီအတွက် ရွေးချယ်ရေးမူဝါဒတွေကို ရေးဆွဲနေပါတယ်။ အတည်ပြုနေပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ မတူတဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်နိုင်မှသာ ရွေးကောက်ပွဲအောင်နိုင်ရေး ရရှိနိုင်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း ထောက်ပြကြပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ ပါတီအပြင် လူကိုပါကြည့်ပြီး မဲပေးရမယ့် မူဝါဒနဲ့ပက်သက်ပြီး ဝင်ရောက်ရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းတွေကို သေချာစိစစ်သင့်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။
“လေးစားတန်ဖိုးထားပြီးတော့ အသိအမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်မျိုးတွေ ရွေးချယ်နိုင်မယ်ဆိုရင် အဲဒီလို ရွေးချယ်နိုင်ဖို့အတွက် ပါတီဗဟိုအလုပ်ဆောင်အမှုဆောင်အဖွဲ့ကလည်းပဲ လိုအပ်တဲ့ အသေးစိတ် မူဝါဒတွေကို၊ လမ်းညွှန်ချက်တွေ ထုတ်ပြန်နိုင်မယ်ဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ သောင်ပြို ကမ်းပြို ပြန်အနိုင်ရဖို့အတွက် အလားအလာကောင်းတွေ ရှိလာလိမ့်မယ်။”
တိုင်းရင်းသားဒေသတွေနဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ တိုင်းရင်းသားတွေ သဘောတူ လက်ခံတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကိုသာ ဦးစားပေး ယှဉ်ပြိုင်စေမယ်လို့ ပြောပါတယ်။
NLD ပါတီက ခန့်အပ်တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်လောင်းတချို့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပက်သက်ပြီး လက်ရှိနိုင်ငံရေး အသိုင်းအဝိုင်းမှာ ဝေဖန်တာတွေ ရှိနေပါတယ်။