Home
မြန်မာသတင်း
တိုက်ပွဲကြောင့် လက္ကာကျေးရွာတွင် အဘွားအို ၅ ဦး ပိတ်မိနေ
DVB
·
October 20, 2019
တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲကြောင့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာက အဘွားအို ၅ ဦး တိုက်ပွဲတွေကြားမှာ ပိတ်မိနေပြီး အရေးပေါ်ကယ်ထုတ်ဖို့ လိုနေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက လက္ကာကျေးရွာမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာဖြစ်ပြီး လက္ကာကျေးရွာအတွင်းမှာ ကျန်ရစ်ခဲ့တဲ့ အဘွားအို ၅ ဦးကို အရေးပေါ်ကယ်ထုတ်ပေးဖို့ မိသားစုတွေက ပြောပါတယ်။ လက္ကာကျေးရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ မိသားစုဝင်တဦးဖြစ်တဲ့ ကိုမောင်အေးဖြူက “ကျနော့်အဘွားရယ်။ ပြီးတော့ အဘွား ၄ ယောက် ရွာထဲမှာ ပိတ်နေတယ်။ မနက်ကတည်းက တိုက်ပွဲဖြစ်နေတဲ့အချိန်က ပိတ်မိနေကြတာ။ အခုအချိန်ထိ ပိတ်မိနေတယ်။ မနက်ကတော့ အဆက်အသွယ်ရတယ်။ ညနေပိုင်း မရတော့ဘူး။ သူတို့ ဘယ်လို နေထိုင်ကြလဲ၊ ဒုက္ခရောက်နေကြပြီလားဆိုတာ မသိတော့ဘူး။ ဒဏ်ရာဒဏ်ချက်တွေများ ရနေပြီးလား၊ အရမ်းကို စိုးရိမ်တယ်” လို့ ပြောပါတယ်။ သူတို့ ၅ ယောက်နဲ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာ အဆက်အသွယ်ရရှိခဲ့ပေမယ့် ညနေပိုင်းမှာတော့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ မိသားစုတွေက ဒီဗွီဘီကို ပြောပါတယ်။ လက္ကာကျေးရွာမှာ ပိတ်မိနေတဲ့ အဘွားအိုတွေကတော့ ဒေါ်မသိန်းယဉ် (အသက် ၈၄ နှစ်)၊ ဒေါ်ညာစိမ်းဖြူ (အသက် ၆၈ နှစ်)၊ ဒေါ်ခိုင်စံမ (အသက် ၅၇)၊ ဒေါ်ဝေလှခိုင် (အသက် ၈၄) နဲ့ ဒေါ်အောင်သာဦး (အသက် ၈၅ နှစ်)တို့ ဖြစ်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကပဲဖြစ်ဖြစ် အရပ်ဘက်အဖွဲ့အစည်းတွေကပဲ ဖြစ်ဖြစ် သက်ဆိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အဘွားအို ၅ ယောက်ကို ကယ်ထုတ်ပေးဖို့ တောင်းဆိုထားတယ်လို့ မြောက်ဦး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။ “လောလောဆယ်တော့ အဲဒီအဘွားအို ၅ ယောက်ကို ကယ်ထုတ်ဖို့အတွက် ICRC ကိုတော့ အကြောင်းကြားထားပါတယ်။ သူတို့ကတော့ ရုံးပိတ်ရက်ဖြစ်လို့ စစ်တွေကို ရောက်နေတယ်လို့ အကြောင်းပြန်တယ်။ ပြန်ပြီးတော့ ဖုန်းဆက်ပေးပါမယ်လို့ အကြောင်းပြန်ပါတယ်။ ဒီအဘွားအိုတွေကတော့ တိုက်ပွဲနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ အဲဒါကြောင့်မို့လို့ ICRC ကပဲဖြစ် အရပ်ဘက်အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်၊ တကယ်လို့သာ အဲဒီရွာကို ဝင်ထွက်ပြီးတော့ အဘွားအို ၅ ယောက်ကို ကယ်မယ်ဆိုရင် သက်ဆိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အဘွားအို ၅ ယောက်ကို ကယ်ထုတ်ဖို့ကိစ္စကို ခွင့်ပြုပေးပါ၊ ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်။” လက်ရှိမှာတော့ တပ်မတော်စစ်ကြောင်းတခုက အဲဒီလက္ကာကျေးရွာမှာ ရှိနေတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့မနက်ပိုင်းက မြောက်ဦးမြို့ လက္ကာကျေးရွာနဲ့ ဝေသာလီတို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲကြောင့် ဝေသာလီကျေးရွာက ထွက်ပြေးလာကြတဲ့ မိသားစုတစု စီးလာတဲ့ စက်လှေ သလကျေးရွာအနီး ချောင်းမှာ နစ်မြုပ်တာကြောင့် အသက် ၁၃ နှစ်အရွယ် ကျောင်းသူတဦး ရေနစ်သေဆုံးပြီး အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးကတော့ ပျောက်ဆုံးနေပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024