မဲဆောက်မြို့တွင် အိုက်စ်မူးယစ်ဆေး ၁ တန်ခွဲခန့် ထိုင်းရဲဖမ်းမိ
DVB
·
October 18, 2019
မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့၊ တာခ်ရိုင်အသွားလမ်း စစ်ဆေးရေးဂိတ်တခုမှာ ဒီနေ့ မနက် ၆ နာရီခွဲလောက်က ကုန်တင်ကားနဲ့ သယ်ဆောင်လာတဲ့ ၁ တန်ခွဲလောက်ရှိတဲ့ အိုက်စ် မူးယစ်ဆေးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က မဲဆောက်မြို့မြောက်ဖက် ဖုတ်ဖရမြို့နယ်ဘက်မှ မောင်းနှင်လာတဲ့ ကုန်တင်တွဲကားဘေးက သံအကာကို ဖွင့်ကြည့်ရာ လက်ဘက်ခြောက်အိတ်ထုတ်ပုံစံတူ အိတ်တွေ တွေ့ရှိပြီး စစ်ကြည့်ရာ အိုက်စ်မူးယစ်ဆေးတွေဖြစ်နေတဲ့အတွက် ယာဉ်မောင်းကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။
အိုက်စ်မူးယစ်ဆေးတွေကို မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ တောင်ဖက်ခြမ်းမှာရှိတဲ့ ဖုတ်ဖရ မြို့နယ်ဘက်ကနေ သယ်ဆောင်လာတာလို့ ယာဉ်မောင်းသမားက ပြောပါတယ်။
အိုက်စ်မူးယစ်ဆေး တကီလိုကို ကာလပေါက်စျေး ဘတ် ၃ သိန်းလောက်ရှိရာ စုစုပေါင်း ဘတ်သန်း ၄၅၀ ခန့်တန်ဖိုးရှိပြီး မြန်မာကျပ်ငွေ ၂,၂၆၁,၃၀၆,၅၃၂ ကျပ် တန်ဖိုးရှိတယ်လို့ ခန့်မှန်းရပါတယ်။
အိုက်စ်မူးယစ်ဆေးတွေသယ်ဆောင်လာတဲ့ ပင်ရင်းကို ထိုင်းဌာနဆိုင်ရာ မူးယစ်တပ်ဖွဲ့၊ ထိုင်းစစ်ထောက်လှမ်းရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှ သွားရောက်စစ်ဆေးနေပြီး ဒါဟာ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံက ဝင်ရောက်လာတယ်လို့ ယူဆထားကြပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့အနီးမှာ မူးယစ်ဆေးတွေ မကြာခဏဆိုသလို ဖမ်းဆီး ရမိလေ့ရှိပြီး အခုတခါဖမ်းမိတဲ့ အိုက်စ်မူးယစ်ဆေးတွေဟာ ၁၀ စုနှစ်အတွင်း အများဆုံးဖြစ်ပါတယ်။
ထိုင်းနိုင်ငံ တာဝန်ရှိသူတွေက ဖမ်းဆီးရမိတဲ့ အိုက်စ်မူးယစ်ဆေးတွေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ ရှိပါတယ်။
ဖိုးစီ