“ပြည်သူ့ဒုက္ခ၊ ကိုယ့်ဒုက္ခ”ဟု သဘောထားပြီး ကြိုးပမ်းနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
October 18, 2019
“ပြည်သူ့ဒုက္ခ၊ ကိုယ့်ဒုက္ခ” လို့သဘောထားပြီး ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှုတွေ လျော့နည်းသက်သာစေဖို့ အစိုးရပိုင်းက လိုအပ်တာတွေ ပံ့ပိုးပေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သူက အစိုးရက ဘေးသင့်ပြည်သူတွေအတွက် စဉ်းစားပေးပြီး သူတို့ဘဝတွေ အမြန်ဆုံးပြန်လည် ထူထောင်နိုင်ဖို့ ဒေသမှာရှိတဲ့ အစိုးရအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဦးစားပေး ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။
“အာဆီယံဒေသတွင်းမှာ ၂၀၀၄ ခုနှစ် အင်ဒိုနီးရှားငလျင်နဲ့ ဆူနာမီ၊ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းနဲ့ ၂၀၁၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ ဟိုင်ရန်းတိုက်ဖွန်းမုန်တိုင်းတို့ဟာ ကမ္ဘာ့အဆိုးရွားဆုံး ဘေးအန္တရာယ်တွေစာရင်းမှာ ပါဝင်ခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ အာဆီယံနိုင်ငံတွေအနေနဲ့ သဘာဝဘေးတွေကြောင့် အမေရိကန်ဒေါ်လာ ၁၃၃ ဘီလီယံခန့် ထိခိုက်ဆုံးရှုံးခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အတွက် နှစ်အလိုက် ဆောင်ပုဒ်တွေကို သတ်မှတ်ပေးလျက်ရှိပြီး ဒီနှစ်အတွက် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံး တည်ဆောက်စို့” “Build to Last” ဆိုပြီး ဆောင်ပုဒ် သတ်မှတ်ထားပါတယ်။
၂၀၀၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်အရ နှစ်စဉ် အောက်တိုဘာလ (၁၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction - IDDRR) အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်အောက်တိုဘာလ ၁၃ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့နဲ့ တိုက်ဆိုင်နေတာကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ အစားထိုးကျင်းပတာ ဖြစ်ပါတယ်။