တိမ်ညိုထောက်ပို့စခန်းကို အေအေဝင်ရောက်စီးနင်းသည့်သတင်း မမှန်ကန်ဟု တပ်မတော်တုံ့ပြန်
DVB
·
October 18, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ တိမ်ညိုယာယီထောက်ပို့စခန်းကို ရက္ခိုင့်တပ်တော် (အေအေ)က ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ခဲယမ်းနဲ့ ရိက္ခာတချို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အေအေဘက်က ပြောပေမယ့် ဒီသတင်းလုံးဝ မှားယွင်းတယ်လို့ တပ်မတော်ဘက်က တုံ့ပြန် ပြောပါတယ်။
အောက်တိုဘာ ၁၆ ညနေ ၅ နာရီ ဝန်းကျင်လောက်က တိမ်ညိုကျေးရွာအနီးမှာရှိတဲ့ တပ်မတော်ယာယီထောက်ပို့စခန်းကို အေအေက ဝင်ရောက်စီးနင်းခဲ့တာလို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခပြောပါတယ်။
“တိမ်ညိုအနားမှာရှိတဲ့ ယာယီထောက်ပို့စခန်းတခုကို အဲ့ဒီစခန်းကို ကျနော် တပ်ဖွဲ့ တွေက ဝိုင်းဝန်းပြီး ချဉ်းကပ်လာတဲ့အခါ အဲ့ဒီဗမာစစ်တပ်အစောင့်တွေက နောက်ဆုတ်သွားတယ်။ အဲ့ဒီစခန်းကို ကျနော်တို့ တက်ရောက်ရှင်းလင်းတဲ့အခါမှာတော့ ရိက္ခာပစ္စည်းတွေ အပါအဝင် စက်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိတာရှိတယ်။ စာရင်းအတိအကျကတော့ ကျနော်ဆီကို ရောက်မလာသေးဘူး။”
အဲ့ဒီထောက်ပို့စခန်းကနေ မကြာသေးခင်က ကျေးရွာတွေဘက်ကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ အေအေတပ်ဖွဲ့က တက်ရောက်ရှင်းလင်းခဲ့တာလို့ ခိုင်သုခက ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီယာယီထောက်ပို့စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့အချိန်မှာ တပ်မတော်ဘက်က ဆုတ်ခွာသွားတာကြောင့် တိုက်ပွဲကြီးကြီးမားမားမဖြစ်ခဲ့ဘူးလို့ ခိုင်သုခက ပြောပါတယ်။
အေအေရဲ့ ပြောဆိုချက်တွေဟာ လုံးဝမှန်ကန်မှုမရှိဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
“အေအေကို ပြောလိုက်ပါဗျာ။ မုသားဝါဒ မသုံးပါနဲ့လို့ ပစ္စပ္ပုန်အတွက်လည်း မကောင်းဘူး အနာဂတ်အတွက်လည်း မကောင်းဘူးလို့ ပြောလိုက်ပါ။ တိမ်ညိုမှာ ဘယ်စခန်းမှမရှိဘူး။ အဲ့သတင်းလုံးဝမဟုတ်ဘူးဗျ၊ သတင်းအမှားအဲ့ဒါ”လို့ပြောပါတယ်။
ဒေသခံတွေကတော့ အဲ့ဒီတိမ်ညိုထောက်ပို့စခန်းဟာ တိမ်ညိုရဲစခန်းနဲ့ မျက်နှာဆိုင်မှာ တည်ရှိတာဖြစ်ပြီး အဲ့ဒီထောက်ပို့ စခန်းမှာတပ်သားအနည်းသာရှိတယ်လို့ ပြောပါတယ်။
သတင်း-ဝဏ္ဏခွာညို