Home
ဆောင်းပါး
ဒီမိုကရေစီ ဘာလဲ၊ ဘယ်လဲ 
DVB
·
October 18, 2019
တလောက အာဏာရပါတီ ထိပ်တန်းခေါင်းဆောင် တဦးက  တိုင်းပြည်မှာ သတင်းမီဒီယာ (စတုတ္ထမဏ္ဍိုင်) ဆိုတာ မရှိဘူး။ ဖွဲ့စည်းပုံမှာလည်းမပါဘူးလို့ ဆိုတယ်။ ရှေ့ဆင့် နောက်ဆင့်ဆိုသလို တိုင်းပြည်ရဲ့အရေးကြီးတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကလည်း သတင်းမီဒီယာက တိုင်းပြည်အတွက် ဘာများ အကျိုးပြုသလဲလို့ ဆိုပြန်တယ်။  ဒီလို ပြောဆိုချက်တွေနဲ့ ပက်သက်ပြီး တဖက်နဲ့ တဖက် အပြန်အလှန် ငြင်းခုန်ကြ သူမှန်တယ်၊ ငါမှားတယ်နဲ့  ကိုယ်ရည်သွေး အသံတွေက အတော်ဆူလောင်ပေါ်ထွက်လာတယ်။  မြန်မာပြည်မှာ အမြင်ရဆုံး၊ အကြားရဆုံး၊ အပေါကြွယ်ဝဆုံး စကားလုံးက ဒီမိုကရေစီဆိုတဲ့ ဝေါဟာရပဲ။ နိုင်ငံရေးပါတီတွေရဲ့ အမည်အများစုကိုကြည့်ရင် ဒီမိုကရေစီပဲ။ လက်ရှိ အာဏာရ ပါတီကလည်း တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ဆီသို့လို့ မကြာခဏ ပြောသံ ဆိုသံကြားရတယ်။ လွှတ်တော်ထဲ ၂၅% နေရာဝင်ယူထားတဲ့ စစ်တပ်ကလည်း  ဒီမိုကရေစီအသွင်ကူးပြောင်းရေး နိုင်ငံတော်ဆီသို့လို့ မကြာခဏ ထုတ်ဖော် ပြောပြန်တယ်။  ဒီလိုပဲ NGO ၊INGO /CSO တွေကလည်း ဒီမိုကရေစီ ခေါင်းစဉ် အောက်ကနေပဲ ဘာအရေး၊ ညာအရေးဆို နေပြန်တယ်။  အဲ့ဒီတော့ ဖတ်မိသမျှ ကြားရသမျှကတော့ ဒီမိုကရေစီ ခေါင်းစဉ်အောက်ကနေ မလွတ်နိုင်ဘူး။  ခေတ်သစ်နိုင်ငံရေးကာလမှာတော့ ဒီမိုကရေစီဆိုတာ လူအများဆုံးသုံးတဲ့ ဝေါဟာရတခု ဖြစ်နေခဲ့တယ်။ အဲ့ဒီတော့ ဒီမိုကရေစီဆိုတာ၊ ဘာလဲ၊ ဘယ်လဲဆိုတာကို မေးခွန်းထုတ်စရာ ရှိလာတယ်။ ဟစ်တလာကလည်းသူရဲ့ အစိုးရကို ဂျာမန်ဒီမိုကရေစီလို့ ခေါ်ဆိုခဲ့ပြီး သူ့ရဲ့ ဒီမိုကရေစီသာ အကောင်းဆုံးလို့ဆိုခဲ့တယ်။ အီတလီ ဖက်စစ်ဝါဒီ  မူဆိုလီနီကလည်း သူ့ကိုယ်သူ သန့်စင်တဲ့ ဒီမိုကရေစီပုံစံလို့ တံဆိပ်ကပ်တယ်။ ကွန်မြူနစ်တွေကလည်း သူတို့ကိုယ်သူတို့ လူထုဒီမိုကရေစီလို့ ခေါ်ဝေါ်သုံးစွဲကြတယ်။  အဲ့ဒီတော့ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရ စကားလုံးဟာ ပြောနေ ဆိုနေရုံနဲ့မပြီးပါဘူး။ သူ့ရဲ့ အနှစ်သာရ သူ့ရဲ့ ဂုဏ်ထူးဂုဏ်ရည်တွေက ရှိနေပြီးသားပါ။ အဲ့ဒီတော့  ဒီမိုကရေစီ ဘာလဲ ၊ဘယ်လဲဆိုတာ အပြောနဲ့ လုပ်ရပ်က သက်သေပြဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီဆိုတာဘာလဲ၊ ဘယ်လို အချင်းအရာတွေပါဝင်သလဲဆိုတာကတော့ လေ့လာကြည့်ရုံနဲ့ ကွဲပြားပါတယ်။ ဒီမိုကရေစီဆိုတာကတော့ ပြည်သူက အုပ်စိုးတယ်ဆိုတဲ့ အနက်ရှိပါတယ်။ ဒီဘက်ခေတ်ရဲ့ နိုင်ငံရေးကာလနောက်ပိုင်းမှာတော့ ဒီမိုကရေစီဆိုတာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်းရဲ့ အဆုံးသတ် နိုင်ငံရေး ပန်းတိုင်တခု ဖြစ်လာတယ်။ ဒါကြောင့်မို့လည်း နိုင်ငံတော်နဲ့ အုပ်ချုပ်ရေးနယ်ပယ်ကသူတွေက ဒီမိုကရေစီကို နှစ်မြုပ်လုပ်ကိုင်ပါတော့မယ်ဆိုပြီး ကြွေးကြော်လာကြတယ်။  အဲ့ဒီတော့ ဒီမိုကရေစီဆိုတာ ကောင်းတဲ့ အရာတခုခုနဲ့ ဆက်စပ်နေတဲ့ အရာ၊ ဒီမိုကရေစီ ဆိုတာ အမြတ်တနိုးရှာဖွေထိန်း သိမ်းသင့်ပြီး သူနဲ့ပတ်သက်ရင် အမြဲခုခံကာကွယ်ရမယ် ဆိုပြီး ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ တဖက်မှာတော့ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာလည်း အသုံးချခံ ဖြစ်နေတတ်ပြန်တယ်။  တကယ်တော့ လူထုဟာ အစိုးရပေါ်လစီအပေါ် ထိထိရောက်ရောက် လွှမ်းမိုးနိုင်မှသာ ဒီမိုကရေစီ ကျတယ်လို့ ဆိုနိုင်မှာပါ။  မဲပေးရုံ၊ မဲပေးခွင့်အခွင့်အရေးရရှိရုံနဲ့ ဒီမိုကရေစီလို့ ပြောလို့မရနိုင်ပါဘူး။ အရေးကြီးဆုံးကတော့ လူထုရဲ့ ထင်မြင်ချက်တွေဟာ အစိုးရရဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်းမှာ လွှမ်းမိုးနေဖို့ အရေးကြီးပါတယ်။  အဲ့ဒီလို လွှမ်းမိုးခွင့်ရှိတဲ့ အခြေအနေ တရပ်လည်း ရှိနေရပါမယ်။ လွှတ်လပ်စွာ ပြောဆိုခွင့် ၊ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ဆန္ဒပြခွင့်တွေဟာလည်း အရေးကြီးတဲ့ အခြေအနေ တရပ်ပါပဲ။ ဒါတွေဟာ အစိုးရရဲ့ ပေါ်လစီအပေါ် လူထုရဲ့ သဘောထားတွေ ထိထိရောက်ရောက် လွှမ်းမိုးဖို့ မရှိ မဖြစ်အရေးကြီးတဲ့ အခြေအနေတွေပါ။ တကယ်လို့ ဒီအခြေအနေတွေကို ပုံစံတမျိုးမျိုးနဲ့ ကန့်သတ်ခံထားရရင်တော့  အစိုးရရဲ့ ပေါ်လစီ၊ ဆုံးဖြတ်ချက်ဖြစ်စဉ်တွေကို လူထုက မလွှမ်းမိုးနိုင်အောင် ကန့်သတ်ထားတာပဲ။  ဒါကို ဒီမိုကရေစီလို့ မခေါ်နိုင်ပါဘူး။ ဒီမိုကရေစီ အစိုးရတရပ်အနေနဲ့ လိုက်နာကျင့်သုံးရမယ့် စံနှုန်းအများကြီးရှိပေမယ့် ဒီမိုကရေစီမည်ကာမတ္တ အစိုးရဆိုရင်တောင် အခြေခံကျတဲ့ အချက် ( ၇ ) ချက်ရှိဖို့လိုပါတယ်။  အဲ့ဒီအချက်တွေက... (၁) အာဏာခွဲဝေပိုင်းခြားခြင်း ။    ။ ဖက်ဒရယ်စနစ်မှာ ပြည်ထောင်စုနဲ့ ပြည်နယ် အာဏာခွဲဝေ ပိုင်းခြားသကဲ့သို တပြည်ထောင် စနစ်မှာလည်း အစိုးရ ဝန်ကြီးဌဦန အချင်းချ်း ကြားမှာသော်လည်းကောင်း ဗျူရိုကရက်ယန္တရား အထက်အောက်အဆင့်မှာ သော်လည်းကောင်း အာဏာခွဲဝေ ပိုင်းခြားပြီး သုံးစွဲခြင်းကို ဆိုလိုပါတယ်။ (၂) တရားစီရင်ရေးအမှီခိုကင်းလွတ်ခြင်း။    ။ တရားစီရင်ရေးမှာ ၀င်ရောက်စွက်ဖက်ခြင်း၊ မလျော်သြဇာသုံးခြင်းတွေ မရှိစေပဲ သီးခြားရပ်တည်ပြီး ဆုံးဖြတ်ခြင်းကို  ဆိုလိုခြင်းဖြစ်တယ်။ လွပ်လပ်စွာ တရားစီရင်ခွင့်ရှိပေမဲ့ တရားဥပဒေနဲ့ ညီညွတ်မှုရှိ၊မရှိ အခွင့်အရေးတွေကို ထိခိုက်စေတဲ့ ဆုံးဖြတ်ခြင်းမျိုးမရှိစေရေးအတွက် ကျန်တဲ့ မဏ္ဍိုင် နှစ်ခုနဲ့ မီဒီယာ၊ အရပ်ဖက်အဖွဲ့အစည်းတွေ စောင့်ကြည့်ရန် လိုအပ်ပါတယ်။   (၃) ဗဟုဝါဒ(ဝါ) မတူကွဲပြားခြင်းများကို လက်ခံခြင်း။     ။ နိုင်ငံအတွင်းရှိ ပြည်သူ တဦးနဲ့ တဦးကြားမှာသော် လည်းကောင်း၊ နိုင်ငံရေးပါတီတွေအချင်းချင်းကြားမှာသော်  လည်းကောင်း၊ ဘာသာတရား၊ အယူဝါဒ အချင်းချင်းကြားမှာ သော်လည်းကောင် မတူကွဲပြားမှု၊ တယောက် တပေါက်ဖြစ်မှုတွေကို  လက်ခံနိုင်ခြင်းမှာလည်း ဒီမိုကရေစီရဲ့ အခြေခံကျသော အချက်တခု ဖြစ်ပါတယ်။  (၄) တရားဥပဒေစိုးမိုးရေး။     ။ တရားဥပဒေစိုးမိုးရေးဟုဆိုရာမှာ နိုင်ငံအတွင်းပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်စွာ လိုက်နာနေထိုင်ခြင်းကို ဆိုလိုခြင်းဖြစ်တယ်။ ဥပဒေလိုက်နာရမယ့် အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက လိုက်နာရန်လိုအပ်သလို၊ ဥပဒေနဲ့ အညီ နေထိုင်ရေးအတွက် အသိပညာပေးထိန်းကျောင်းရမယ့် အဖွဲ့အစည်းတွေကလည်း ဥပဒေနဲ့ အညီကိုင်တွယ်ထိန်းကျောင်းရန််လိုအပ်ပါတယ်။  ဥပဒေချိုးဖောက်သူတွေကို အရေးယူ အပြစ်ပေးနိုင်ရေးအတွက် တရားစီရင်ရေးကလည်း မှန်ကန်မျှတစွာ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။  (၅)  တာ၀န်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု။    ။ တာ၀န်ခံမှု ဆိုတာ အစိုးရအနေနဲ့ လုပ်ဆောင်တဲ့ လုပ်ငန်းတိုင်းမှာ ဆုံးဖြတ်ချက်ပြတ်သားစွာ ချနိုင်ရေးနဲ့ ဒီလုပ်ငန်းကပေါ်ပေါ်လာတဲ့ ဆိုးကျိုး၊ကောင်းကျိုး အ၀၀ အပေါ်မှာ တာ၀န်ပြီးဖြေရှင်းနိုင်စွမ်းအား ဆိုလိုပါတယ်။ ပွင့်လင်းမြင်သာမှုကို အကောင်အထည်ဖော်ရာမှာ လက်လွတ်စပယ် ပြည်သူလူထုထံ ကြေညာချင်းမျိုးမဟုတ်ဘဲ ပြည်သူလူထု လက်လှမ်းမီ သိရှိနိုင်မယ့်  အနေအထား၊ လမ်းကြောင်းတွေကို ရွေးချယ်ရမည်ဖြစ်ပြီး နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေငွေစာရင်း၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြည်သူတို့ လက်လှမ်းမီ လေ့လာနိုင်စေရန် ဆောင်ရွက်ရမှာ ဖြစ်တယ်။ (၆)  သတင်းမီဒီယာ လွပ်လပ်ခွင့်။     ။ သတင်းမီဒီယာတွေကို စတုတ္ထ မဏ္ဍိုင်အဖြစ် သတ်မှတ်ထားတဲ့အားလျှော်စွာ လွပ်လပ်စွာသတင်းရယူခွင့်၊ သတင်းရယူတဲ့ အခွင့်အရေးကို အကာကွယ်ပေးမှုတွေဆောင်ရွက်ရမှာ ဖြစ်ပြီး  ပြည်သူတွေ သတင်းအချက်အလက်မှန်ကန်စွာ ရရှိရေး ဆောင်ရွက်ခြင်းဖြစ်တာကြောင့် သတင်းမီဒီယာလွပ်လပ်ခွင့်မှာ ဒီမိုကရေစီရဲ့ အခြေခံကျတဲ့ အချက် တချက်ဖြစ်ပါတယ်။  (၇) နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး ဒီမိုကရေစီနိုင်ငံတခုအဖြစ်ရပ်တည်မယ့် အစိုးရဟာ နိုင်ငံသားတွေရဲ့ လွပ်လပ်မှုနဲ့ တန်းတူညီမျှမှုကို အာမခံပေးရမှဖြစ်ပြီး တကယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိပါက ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း နိုင်ငံသားတွေရဲ့ အခွင့်အရေး အပြည့်အ၀ရရှိစေဖို့ဆောင်ရွက်ပေးရမည်ဖြစ်ပြီး၊ နိုင်ငံသားတွေဟာ မိမိတို့ရဲ့ တာဝန်ကို  ကိုယ်စီကိုယ်ငှ သိရှိစေဖို့ အတွက် တိုက်တွန်းနှိုးဆော် ရမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စနစ်ကို အကောင်အထည်ဖော်ဆောင်ဖို့ဆိုပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွေကို ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်ကစပြီး နှစ်တိုင်း ကျင်းပလေ့ရှိပါတယ်။  ဒီနှစ်မှာဆိုရင် ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ ဆောင်ပုဒ် ခေါင်းစဉ်နဲ့ကျင်းပခဲ့ပါသေးတယ်။  အချုပ်အားဖြင့်ဆိုရသော် အစိုးရတော်တော်များများကတော့ သူတို့ကိုယ်သူတို့ ဒီမိုကရေစီလို့ သုံးနှုန်းဖော်ပြကြတယ်။ ဒါပေမယ့် ဒီမိုကရေစီရဲ့ ဝိသေသ လက္ခဏာတွေကတော့ လက်တွေ့အခြေအနေနဲ့သာ  တိုင်းတာလေ့ရှိပါတယ်။  ကိုးကား   ။ မင်းခက်ရဲ  ( နိုင်ငံရေးဒဿနပညာ အခြေခံကျမ်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024