Homeမြန်မာသတင်း
ကမ္ဘာ့အလှူဒါန အရက်ရောဆုံးနိုင်ငံအညွှန်းကိန်းတွင် မြန်မာ ၅ နှစ်ဆက်တိုက် ထိပ်ဆုံးကရပ်တည်
ကမ္ဘာ့အလှူဒါန အရက်ရောဆုံးနိုင်ငံအညွှန်းကိန်းတွင် မြန်မာ ၅ နှစ်ဆက်တိုက် ထိပ်ဆုံးကရပ်တည်
DVB
·
October 17, 2019
ဗြိတိန်အခြေစိုက် ပရဟိတအဖွဲ့အစည်းတခုဖြစ်တဲ့ Charities Aid Foundation (CAF)က ထုတ်ပြန်တဲ့ ကမ္ဘာ့အလှူဒါန အရက်ရောဆုံးနိုင်ငံအညွှန်းကိန်း(World Giving Index)မှာ မြန်မာနိုင်ငံက ထိပ်ဆုံးက ရပ်တည်နေပါတယ်။
၁၉၇၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ Charities Aid Foundation (CAF)ရဲ့ ခုလိုသတ်မှတ်ချက်ဟာ ငွေကြေးပေးကမ်းလှူဒါန်းခြင်း၊ စေတနာ့ဝန်ထမ်းခြင်း၊ တပါးသူကို ကူညီခြင်းစတဲ့ အပိုင်း ၃ ပိုင်းနဲ့ တနိုင်ငံချင်းစီက ပျမ်းမျှလူဦးရေ အချိုးအစား ပေါ်မူတည်ပြီး စစ်တမ်းကောက်ယူကာ ထုတ်ပြန်နေတာ ဖြစ်ပါတယ်။
အခုထုတ်ပြန်တဲ့ အညွှန်းကိန်းမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၈ နိုင်ငံမှ လူဦးရေ ၁ ဿမ ၃ သန်းကို စစ်တမ်းကောက်ယူထားတာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ပေးကမ်းလှူဒါန်းမှု ၈၁ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။
မြန်မာနိုင်ငံနောက် ဒုတိယနေရာမှာတော့ ဗြိတိန်၊ မော်လ်တာ၊ ထိုင်းနဲ့ နယ်သာလန်နိုင်ငံ တွေက ၇၁ ရာခိုင်နှုန်းနဲ့ အစဉ်လိုက်ရပ်တည်နေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အစီရင်ခံစာထဲမှာတော့ ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ အများစုနေထိုင်ပြီး ပေးကမ်းစွန့်ကြဲတာတွေကို ဘာသာဓလေ့ထုံးတမ်း အရ လက်တွေ့ကျင့်သုံးခဲ့ကြတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလှူဒါနအရက်ရောဆုံးနိုင်ငံအညွှန်းကိန်း (World Giving Index)မှာ ထိပ်ဆုံးက ရပ်တည်နေပေမယ့် အမှန်တကယ်လှူဒါန်းမှုပြု လုပ်တဲ့ ပမာဏဟာ နိုင်ငံတွင်း နိုင်ငံရေးနဲ့ လူမှုရေးပဋိပက္ခတွေကြောင့် သိသိသာသာ လျော့နည်းနေခဲ့တာကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံတွေစာရင်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံအနေနဲ့ အခုလို ကမ္ဘာ့ပေးကမ်းလှူဒါန်းမှုအညွန်းကိန်းမှာ နံပါတ် ၁ အဖြစ် သတ်မှတ်ခံခဲ့ရတာ ၅ နှစ်ဆက် တိုက် ရှိနေခဲ့ပြီဖြစ်ပါတယ်။